ဒုတိယကမ္ဘာစစ်ကျန်ဗုံးကြီးကျောက်ဖြူတွင်တွေ့ရှိ

ဒုတိယကမ္ဘာစစ်ကျန်ဗုံးကြီးကျောက်ဖြူတွင်တွေ့ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက တိုက် လေယာဉ်ကျဲချခဲ့သည်ဟု ယူဆရသော စစ်ကျန် ဗုံးကြီး တစ်လုံးကို လယ်ကွင်း တစ်ခုတွင် တွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။

ကျောက်ဖြူတွင် တွေ့ရှိခဲ့သော စစ်ကျန် ဗုံးကြီး (ဓါတ်ပဲု- ကြေးမုံ)

 

အဆိုပါ ဗုံးကြီးမှာ အရှည် ၂၇ လက်မ၊  လုံးပတ် ပတ်လည် ၃၀ လက်မ၊အလေးချိန် ၄၀ ပိဿာခန့် လေးကြောင်း ယနေ့ထုတ်ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။

ဗုံးအား တွေ့ရှိရသော နေရာမှာ ကျောက်ဖြူမြို့နယ် အုန်းတော ကျေးးရွာအုပ်စု ၀တ်ဆံကျေးရွာမှ လယ်သမားကြီး ဦးထွန်းတင် အသက် (၅၆) နှစ် ၏ လယ်ကွက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျောက်စရစ် ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုမှ Back Hole ယာဉ်ဖြင့် ကျောက်ထုတ်ယူစဉ် ဧပြီလ အတွင်းက တွေ့ရှိခဲ့သော ဗုံးဖြစ်ပြီး လယ်ပိုင်ရှင်မှ လူသူမရောက်နိုင်သော နေရာတွင် ၀ှက်ထားခဲ့သည်ဟု ဆိုသည်။

သက်ဆိုင်ရာမှ သတင်းရသွားပြီး ယခုအခါ ဗုံးကြီးကို လုံခြံုရာသို့ ယူဆောင်သွားပြီ ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

ဗုံးကြီးမှာ သံချေးတက်နေသဖြင့် ရေးထိုးထားသော စာတန်းများမှာ ပျောက်ကွက်နေပြီး ထိပ်ဖူးနှင့် နောက် ထိန်း ပန်ကာ ဒလက်မပါရှိဟု ဆိုသည်။

ရခိုင်ပြည်နယ်သည် ဒုတိယ ကမ္ဘာ စစ်အတွင်းက ဂျပန်နှင့် အင်္ဂလိပ်တို့၏ ရှေ့တန်း စစ်မြေပြင် ဖြစ်ခဲ့သဖြင့် စစ်အတွင်းက လက်ကျန် ဗုံးဟောင်းများကို မကြာခဏ တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။

Most read this week