မြေပုံမြို့နယ်မှ ဂီရိ မုန်တိုင်းသင့် ကျေးရွာ တချို့တွင် ရေရှားပါးနေ

မြေပုံမြို့နယ်မှ ဂီရိ မုန်တိုင်းသင့် ကျေးရွာ တချို့တွင် ရေရှားပါးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ ဂီရိမုန်တိုင်းသင့် ကျေးရွာ အချို့တွင် ရေရှားပါးနေသဖြင့် သောက်သုံးရေ အခက်ကြံုနေရသည်ဟု NLD အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက နိရဥ္စရာသို့ ပြောသည်။

ရေရှားပါးနေသောကျေးရွာများမှာ အငုံ အုပ်စု တွင် တည်ရှိသော အောင်လယ်ပြင်၊ ပြိန်တောချေ၊ အငုံရွာသစ်၊ အငုံ ရွာဟောင်း၊ နတ်ချောင်းတို့ ဖြစ်ပြီး ခေါင်း ဖြူအုပ်စုတွင် ကံသာ ရွာသစ် (ခေါင်းဖြူရွာ) ၊ ကံသာ ရွာဟောင်း၊ ဒဂုံ၊ ၀က်ခေါင်းကျေးရွာတို့ ဖြစ်ကြသည်။

၎င်းပြင် မိုသီးနတ်တောင် အုပ်စု တောင်ကြီးရင်းရွာတွင် ရေရှားပါးနေသဖြင့် မိသားစု တစ်စု ကို ကန်ထဲမှ တစ်နေ့ ရေအိုးခပ် သုံးလုံးသာ ခပ်ယူခွင့် ရသည်ဟု ဆိုသည်။

ယခုကဲ့သို့ ရေရှားပါးနေသဖြင့် ထွေလာဂျီများဖြင့် ရေများ ပို့ပေးနေရသည်ဟု ဒေါ်မပုချေက ဆိုသည်။

“ ရေရှိတဲ့ နေရာတွေက သူတို့ ရွာသားတွေကိုယ်တိုင် လာသယ်တာလည်း ရှိတယ်။ မြေပုံမြို့ပေါ်က စေတနာရှင်တွေက ထွေလာဂျီတွေနဲ့ သွားရောက် လှူဒါန်း ကူညီတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် လှူတဲ့သူကနည်းပြီး ရေလိုနေတဲ့ ကျေးရွာက အများကြီးဆိုတော့ မလောက်ဌဘဲ ဖြစ်နေပါတယ်” ဟု သူမက ပြောသည်။

ယခုကဲ့သို့ ရေအခက်အခဲကြောင့် မိသားစုများမှာရေကိုဘဲ လုံပန်းစိုက်နေရသဖြင့် တစ်ခြား အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရသည်ဟု ဆိုသည်။ ကျန်းမာရေးအရလည်း ရောဂါများ ရရှိလာမည်ကို စိုးရိမ်နေရသည်ဟု သူမက ပြောသည်။

ရခိုင်ဒေသသည် မြန်မာနို်င်ငံတွင် မိုးများသော ဒေသ တစ်ခု ဖြစ်သော်လည်း နေရာ အနှံ့အပြားတွင် နွေရာသီ ရောက်တိုင်း ရေရှားပါးလေ့ရှိကြောင်း သိရသည်။ ယခုကဲ့သို့ ရေရှားပါးရခြင်းမှာ မိုးရေကိုသာ အဓိက အားကိုးအားထား ဒေသတွင် ရေတွင်း ရေကန်များကို အလုံအလောက် မတူးဖေါ်နိုင်၍ ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုသည်။

မြေပုံမြို့နယ် ကျေးရွာတချို့တွင် သောက်သုံးရေ အခက်အခဲကြံုနေရသည်မှာ ဟုတ်မှန်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း အတည်ပြု ပြောကြားပြီး ယခုကဲ့သို့ ရေရှားပါးရခြင်း၏ အကြောင်းအရင်းကိုလည်း သူက ယခုလို ပြောသည်။

“ မြေပုံမြို့နယ်က လူတွေ ဂီရိ မုန်တိုင်းပြီးတဲ့ နောက်ပိုင်းမှာ အလွန်ဘဲ ဆင်းရဲ သွားကြပါတယ်။ အလုပ်မရှိ အကိုင်မရှိ၊ အဲသလို ဖြစ်တော့ သူတို့ဝမ်းစာကိုတောင် အနိုင်နိုင် လုံပန်းနေရတဲ့ အခြေအနေမှာ ရေတွင်း ရေကန်တွေကို တူးဖေါ်ဖို့၊ ထိန်းသိမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တနယ်လုံးမှာ သောက်ရေ သုံးရေ ပြတ်လပ်နေရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မြေပုံမြို့နယ်သည် ပင်လယ်ကမ်းစပ် ကျွန်းစုများဖြင့် ဖွဲ့စည်းထားသော မြို့နယ် တစ်ခု ဖြစ်သဖြင့် ဒီရေများ မကြာမကြာ သောက်ရေကန်များထဲသို့ ၀င်ရောက်ရာမှ ကန်များ ပျက်စီးသွားသဖြင့် ကန်ဘောင် တာရိုးများကို ခိုင်ခန့်အောင် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဦးဖေသန်းက ပြောသည်။

ရိုးမတောင်အောက်ရှိ တောင်စိုင်ကမ်းတွင် တည်ရှိသော ကျေးရွာများတွင် သောက်သုံးရေ အဆင်ပြေကြသော်လည်း ပင်လယ် ကမ်းစပ်နှင့် နီးစပ်သော ကျေးရွာများတွင် နှစ်စဉ် ရေရှားပါးမှု နှင့် ကြံုတွေ့နေရသည်ဟု သူက ဆိုသည်။

Most read this week