ကျးသီးမြို့၌ ကျားခေါင်းပါတီရုံး ဖွင့်လှစ်

ကျးသီးမြို့၌ ကျားခေါင်းပါတီရုံး ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ်  ကျားခေါင်း ပါတီက မြို့နယ် ပါတီရုံးခွဲကို ယနေ့ထပ်မံဖွင့်လှစ်လိုက်ကြောင်း တက်ရောက်သူလူငယ် များကပြောပါသည်။

SNLD ၏ ကျေးသီးမြို့ ရုံးဖွင့်ပွဲ

“ဒီကနေ့ ကျားခေါင်းပါတီရုံးဖွင့်ပွဲမှာ လူ ရ၀၀ ကျော်ကျော်လောက်တက်တယ်။ ကျေးသီးလူထု ရယ် ၊ မိုင်းနောင်၊ လဲချား၊ မိုင်းကိုင် နဲ့ ဝမ့်ဟိုင်းတို့ဘက်ကလဲလာတယ်” - ဟု ကျေးသီးလူငယ် အိုက်ခေး ကပြောပါသည်။

၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက် နံနက် ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ ဈေးတန်းရပ်ကွက် ကျေးသီး - မိုင်းကိုင် လမ်းမ ပေါ် ၌ ကျားခေါင်းပါတီ မြို့နယ် ရုံးခွဲ ထပ်မံဖွင့်လှစ်လိုက်ကြောင်း၊ အဆိုပါ ရုံးခွဲ ဖွင့်ပွဲသို့ SNLD မှဖိတ်ကြားထားသည့် မြို့နယ်အုပ်ချုပ်ရေးမှူးတက်ရောက်ခြင်းမရှိ။ သို့သော် စရဖ၊ သစ်တော၊ ရဲနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့တက်ရောက်ကြကြောင်း ၊ ကျားခေါင်းပါတီဘက်ကမူ ဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် ၊ ပါတီပြောခွင့်ရ စိုင်းလိတ် နှင့် အဖွဲ့ ၁၆ ယောက် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း ဆိုပါသည်။

“ဥက္ကဌ ကြီးခွန်ထွန်းဦးက ရုံး ဖွင့်ပွဲအခမ်းအနားမှာ ကနေ့ခေတ်လူငယ်တွေဟာ အနာဂတ် ခေါင်းဆောင် တွေဖြစ်တဲ့အတွက် ကြိုးစားရမယ်လို့ပြောတယ်။ နောက်တခုက ကျားခေါင်းပါတီဟာ အခု မှ ဖွဲ့စည်းတာ မဟုတ်ဘူး။ ၁၉၈၉ ကတည်းက စတင်ဖွဲ့စည်းတာ လာမယ့်အောက်တိုဘာ ၆ ရက်ဆို (ငွေရတု ) ၂၅ နှစ်ပြည့် တော့မယ်၊ လူထု လိုအပ်ချက်အတွက် မနားမနေ ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမယ် စတာတွေပြော သွားတယ်” - ဟု စာပေယဉ်ကျေးမှု အဖွဲ့မှ စိုင်းဆေ က ပြောသည်။

SNLD ၏ ကျေးသီးမြို့ ရုံးဖွင့်ပွဲ

ထို့အပြင် ဥက္ကဌကြီးခွန်ထွန်းဦးက သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တွင် ရည်မှန်းချက် ၃ ရပ်ရှိ ကြောင်း ၁-  တန်းတူရေး၊ ၂-ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ၃-စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ရေး တို့ဖြစ်ကြောင်း ပြောခဲ့သည်ဟုဆိုပါသည်။

ထိုဖွင့်ပွဲအပြီး ဥက္ကဌကြီးနှင့်အဖွဲ့သည် ကျေးသီးမြို့ရှိ ကျောင်းဟော်နှင့် ကျောင်းဝိန်း ဘုန်းကြီးကျောင်း သို့သွားရောက်ကန်တော့၍ လားရှိုးမြို့သို့ ပြန်သွားကြောင်း စိုင်းဆေက ပြောပြပါသည်။

Most read this week