သျှမ်းပြည်မြောက်ပိုင်းတွင် တရုတ်ပြည်သို့ သွယ်တန်းသည့် ဂက်စ်နှင့် ရေနံစိမ်း ပိုက်လိုင်းအလွှတ်များတွင် အပေါက် တွေ့နေရသဖြင့် ဒေသခံလူထုတို့ စိုးရိမ်နေကြကြောင်း နမ့်ခမ်းမြို့ခံများကပြောသည်။
“ မြို့နဲ့နီးတဲ့ နေရာမှာတောင်မှ ပိုက်လိုင်းတွေကို လက်လွတ်စပယ်၊ ပြီးစလွယ်ဘဲ မြှုပ်နှံသွားတယ်။ တောတောင်တွေထဲမှာ ဆို ဘယ်လောက်တောင်မှ ယိုစိမ့် ပေါက်ပြဲမလဲ၊ အလွန်စိုးရိမ်နေရတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က နမ့်ခမ်းမြို့က သျှမ်းပါတီ ၂ ခုရယ်၊ လူထုတချို့ရယ် ပိုက်ပေါက်နေတဲ့ နေရာ သွားကြည့်တယ်။ အဲတာ တရုတ်ပြည်သွားတဲ့ ကျားဖြူပါတီကိုယ်စားလှယ် ၂ ယောက်ကိုလဲ ဒီအကြောင်း တရုတ်အရာရှိတွေဆီမှာဆွေးနွေးတင်ပြပေးဖို့ပြောသွားတယ်” ဟု ကျားဖြူပါတီဝင်လူငယ် တဦးကပြောသည်။
နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာအနီး နမ့်ခမ်း ဗန်းမော် ကားလမ်းဘေးတလျှောက် မြှုပ်နှံသော ပိုက်လိုင်း များ အပေါက်ဖြစ် နေသဖြင့် လာမည့်လ၌ ဂက်စ်လွှတ်ပေး ပါက ပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေကြခြင်းဖြစ် သည်။
ထို့ကြောင့် ယခုလဆန်းက သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြထားသော လယ်သမားများ၏ နစ်နာမှု အဆိုပြုလွှာနှင့် ပတ်သက်၍ အကြောင်းပြန်မှုမရမချင်း ဂက်စ်နှင့်ရေနံစိမ်းများလုံးဝ မပို့လွှတ်သေးရန် ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့မှ လယ်သမား စိုင်းအေးကလည်း ပြောသည်။
“ဝန်ကြီးချုပ်ဆီတင်တဲ့စာမှာလဲ ဒီပိုက်လိုင်းပေါက် ကွဲရင် ထိခိုက်နစ်နာမယ့် ဒေသခံတွေလယ်သမားတွေကို ဘယ်သူက တာဝန်ယူမလဲ၊ ကုမ္မဏီကလား၊ အစိုးရလား၊ ဝန်ကြီး ချုပ်ကလား တိတိကျကျသိရအောင် မေးထားတယ်။ ဒါကြောင့် ကျနော်တို့ ဒီ မြောက်ပိုင်းက လယ် သမားတွေအနေနဲ့ တခု တောင်းဆိုချင်တယ်။ ဝန်ကြီးချုပ်ဆီက အကြောင်းပြန်မှု မရှိသေးသရွေ့ မေနဲ့ ဂျွန်လထဲမှာ ဂက်စ်နဲ့ရေနံ လုံးဝ မလွှတ်ပေး သေးဖို့ပေါ့နော်။ သို့မဟုတ်ရင်တော့ ဆန္ဒပြ တောင်းဆိုရလိမ့်မယ် ” ဟု စိုင်းအေးက ပြောသည်။
သို့သော် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံချင်းမိုင်မြို့၌ သျှမ်းပြည်မြောက်ပိုင်း လယ်သမားများ၏ဆန္ဒ (ပိုက်လိုင်း ကြောင့်နစ်နာမှု) နှင့်ပတ်သက်၍ သျှမ်းလူမှုအဖွဲ့အစည်းက ကြေငြာချက်တစောင်ထုတ်ပြန်ရာချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန် ရုံးသို့ သွားရောက်ပေးအပ်ခဲ့ပါသေးသည်။