စည်းလုံးညီညွှတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC ၏ လှုပ်ရှားမှုများ၌ ပါဝင်ခြင်းမရှိပါက သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီအား ထောက်ပံ့နေမှုကို ပြန်လည်သုံးသပ်ရမည်ဟု Nippon Foundation အဖွဲ့မှ အကြောင်း ကြား လာကြောင်း RCSS/SSA ၏ ထိပ်တန်းအရာရှိများသတင်းရပ်ကွက် ကဆိုပါသည်။
UNFC တွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားရာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA က ပါဝင်ခြင်း မရှိခဲ့ပေ။ သို့သော် UNFC မှ ပြုလုပ်သော တွေ့ဆုံဆွေးနွေးရေး၊ အစည်း အဝေးအချို့ကိုတက်ရောက် ခဲ့သည်။
အမည်မဖော်လိုသည့် RCSS/SSA ၏ အရာရှိတဦးက“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှ ဝေဖန် တုန့်ပြန်လိုခြင်း မရှိ ပါဘူး။ ဝေဖန်လို့လဲ အကျိုးမရှိပါဘူး။ UNFC ကို ဆန့်ကျင်တာ အဆိုးမြင်တာလဲ မရှိဘူး။ဒါပေမယ့် သက်ဆိုင်ရာဘက်ကလဲ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အလေးထား အသိအမှတ်ပြုသင့်တယ် ” ဟု ပြောဆိုသည်။
အဆိုပါ သတိပေးချက်ကို ပြီးခဲ့သည့် လဆန်းက Nippon Foundation မှပေးပို့လာခြင်းဖြစ်ကြောင်း ဆိုပါသည်။
၎င်းနှင့်ပတ်သက်၍ Nippon Foundation ၏ ဆုံးဖြတ်ချက်ကို လေးစားပါသည်ဟုသာ အကြောင်းပြန်ထားကြောင်း RCSS က ဆိုပါသည်။
RCSS အား Nippon Foundation မှ ဆန်အိတ် ၆၀၀၀ ကို ယခုနှစ်မတ်ခ်ျလအတွင်းက ထောက်ပံ့ပေးခဲ့သည်။
Nippon Foundation သည် ၂၀၁၂ ဖေဖော်ဝါရီလ ၂၈ ရက် UNFC မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှစ၍ ပွင့်ပွင့် လင်းလင်း ပါဝင်လာခဲ့သည်။ ထိုနောက်ပိုင်း တဖက်တွင်လည်း ဒေါ်လာ ၃ သန်း ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ ၏ လူသား ချင်းစာနာမှုထောက်ပံ့ရေး Humanitarian ကဏ္ဍတွင် အထောက်အကူပေးလျက်ရှိသည်။
Nippon Foundation သည် UNFC အားယခုလကုန်ပိုင်းတွင် ဂျပန်အစိုးရနှင့်တွေ့ဆုံခွင့်ရအောင်လည်း စီစဉ်ပေးခဲ့သော ဖောင်ဒေးရှင်း တခုဖြစ်သည်။
အလားတူ လွယ်တိုင်းလျဲန်းဌာနချုပ်၌ အင်္ဂါနေ့က ကျင်းပခဲ့သော ဗဟိုဦးဆောင်မှုကော်မတီအစည်းအဝေး တက်ရောက် ခဲ့သည့် ပုဂ္ဂိုလ် တဦးကလည်း - “ အခု နိပွန်ဖောင်ဒေးရှင်းရဲ့အကြောင်းကြားမှုဟာ သူ့ဆန္ဒ၊ သူ့ဆုံးဖြတ်ချက်တော့ မဟုတ်တန်ဘူး။ UNFC ထဲက ပုဂ္ဂိုလ်တဦးတယောက်ကစတင်လာတာဖြစ်နိုင်တယ်။ ဒါကြောင့်မို့ UNFC တဖွဲ့လုံးကို လက်ညှိုး ထိုးလို့ မရပါဘူး ” ဟု ဆိုပါသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဂျပန်နိုင်ငံ ဝန်ကြီး ချုပ်သစ် ရှင်းဇိုးအားဘေးက နိပွန်ဖောင်ဒေးရှင်း၏ ဥက္ကဌ ယိုဟေးအိ ဆာဆာကာဝါ အား မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး အတွက် ဂျပန်နိုင်ငံအစိုးရ၏ အထူးသံတမန်အဖြစ် ထပ်မံ အပ်နှင်းခဲ့သည်။ ခန့်အပ်ပြီးတရက်အကြာတွင် UNFC နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ ချင်းမိုင်မြို့တွင်တွေ့ဆုံဆွေးနွေးမှုကို ကမကထ ပြုပေးခဲ့သည်။