ဓလေ့ထုံးတမ်းအစဉ်အလာအရ တနှစ်တခါ ကျင်းပပြုလုပ်လေ့ရှိတဲ့ ကေးထျိုးဘိုးခေါ် တံခွန်တိုင် ပွဲတော်ဟာ ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းယဉ်ကျေးမှုကို ဖေါ်ညွှန်းစေတဲ့ ပွဲလမ်းသဘင်ဖြစ်တယ်လို့ အမေရိကန်ရောက် ကရင်နီလူမှုအသိုင်းအဝိုင်းက ပြောပါတယ်။
အမေရိကန် တက်ဆက်ပြည်နယ် အမေရီလိုမြို့ မှာ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ကနေ ညနေ ၅နာရီ အထိ ကျင်းပပြုလုပ်တဲ့ ကရင်နီရိုးရာ ကေးထျိုးဘိုးပွဲတော် အခမ်းအနားတရပ် ကျင်းပချိန်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
"ဒီ(ကေးထျိုးဘိုး)ဟာ ကျနော်တို ့ကရင်နီရဲ့ အမှတ်အသားတခုပေါ့ ဒါကြောင့် ကျနော်တို ့နားလည်သ လောက်… လုပ်သွားတယ်ပေါ့နော်။ ကျနော်တို ့ဒီမြို့မှာနေတာ အမေရီလို၊ တက်ဆက်(ပြည်နယ်)ပေါ့နော် ဒါပေမဲ့ကျနော်တို ့ခါတိုင်းလုပ်တာ အခက်ခဲရှိပေမဲ့ ဒီကေးထျိုးဘိုးနဲ့ ပတ်သက်ရင် ကျနော်တို ့လုပ်တယ် ဒီအိမ်ရှင်နိုင်ငံတွေကတော့ ဘာမှမပြောဘူး ဒါကလွတ်လပ်ခွင့်ပေါ့နော် ဒီရိုးရာနဲ ့ပတ်သက်ပြီးထိန်းသိမ်း တာတို့က သူတို ့အခွင့်အလမ်း ပေးတယ်"လို့ တက်ဆက်ပြည်နယ် ကရင်နီလူမှုအသိုင်းအဝိုင်း ဥက္ကဌ ခူးလူရယ်က ပြောပါတယ်။
အမေရီလိုမြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ကရင်နီရိုးရာ ကေးထျိုးဘိုးပွဲကို တက်ဆက်ပြည်နယ်ရှိ ကရင်နီမိဘပြည်သူတွေနဲ့အတူ တခြားတိုင်းရင်းသားညီအစ်ကို မောင်နှမများ စုစုပေါင်း လူဦးရေ ၃၀၀ ၀န်းကျင်ခန့် တက်ရောက် ပြီး အကတွေနဲ့ အတူ အားကစားပြိုင်ပွဲလည်း ကျင်းပပြုလုပ်သွားကြတယ်လို့ သိရပါတယ်။
အမေရီလိုမြို့မှာ ကရင်နီမိသားစုပေါင်း ၃၇ မိသားစုရှိပြီး တက်စက်ပြည်လုံးမှာတော့ ကရင်နီမိသားစုပေါင်း ၂၇၀ စု ရှိပါတယ်။
"ပထမဦးဆုံးဒီပွဲကို တက်ရောက်လာဖို ့အတွက် ကိုလူရယ်ကကျနော်တို ့ကိုဖိတ်တယ်ပေါ့ နော်တက်ဖြစ် အောင်တက်ပါတဲ့ ကျနော်တို ့လည်းတက်ချင်တာပေါ့ ကရင်နီရဲ့ ရိုးရာဘယ်လိုရှိ ဘယ်လိုနေဆိုတာကျနော်တို ့ကမသိသေးဘူး အဲတော့ကျနော်တို့တွေ ့ချင်မြင်ချင်တယ်ပေါ့ ဒါကြောင့်ကျနော်တို ့လာတက်ဖြစ်တယ်"လို့ ကေထျိုးဘိုးပွဲ လာရောက်ကြည့်ရှုခဲ့တဲ့ ကရင်တိုင်းရင်းသား တစ်ဦးက ပြောပါတယ်။
ကရင်နီမျိုးနွယ်စုတို့ဟာ မိမိတို့အမှီတဟဲပြုနေရတဲ့ ရေမြေတောတောင်နဲ့ ကောင်းကင်၊ နေ၊ လ၊ ကြယ် တို့ရဲ့သခင်ကို ချီးမွမ်း ပူဇော်ခြင်းနဲ့ တိရိစ္ဆာန်၊ သီးနှံလယ်ယာမြေတို့အတွက် ကောင်းကြီးမင်္ဂလာတောင်းခံဖို့ အတွက် တံခွန်တိုင်ပွဲတော်ကို ကျင်းပပြုလုပ်ကြတာပါ။
တံခွန်တိုင်ပွဲတော်ကို ခရစ်ယာန်သာသနာ မထွန်းကားခင်ကတည်းက အစဉ်အလာအရ တနှစ်တခါပြုလုပ် လာခဲ့ကြတဲ့အတွက် အမျိုးသားတို့ရဲ့ သမိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာကို ဖေါ်ညွှန်းတဲ့ ပွဲလမ်းသဘင် ဖြစ်ပါတယ်။