အငြင်းပွားရာမှ ရခိုင်ဝန်ကြီးချုပ်၏ ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးပျက်

အငြင်းပွားရာမှ ရခိုင်ဝန်ကြီးချုပ်၏ ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးပျက်
by -
နိရဥ္စရာ

ဧပြီလ ၂၄ ရက်နေ့ နေ့လည် (၁) နာရီက ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းတွင် ပြုလုပ်ခဲ့သော မွတ်ဆလင် ဒုက္ခသည်မျာအား အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးမှာ အငြင်းပွားမူများကြောင့် အစည်းအဝေး ပျက်ကာ ရပ်နားလိုက်ရသည်ဟု ဆိုသည်။

နိုင်ငံသား မစိစစ်ဘဲ အိမ်ယာဆောက်လုပ်ပေးရေး ကန့်ကွက်နေသော စစ်တွေမှ ရခိုင်လူထု (ဓါတ်ပုံ- Coral Arakan)

အစည်းအဝေးကို တက်ရောက်ခဲ့သူ တစ်ဦးက အိမ်ယာဆောက် လုပ်ရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏  ရှေ့နောက် စကားမညီရာမှ  ကန်ထရိုက် ရထားသူများနှင့် အငြင်းပွားသဖြင့် အစည်းအဝေးကို ရပ်နားလိုက်ရသည်ဟု ဆိုသည်။

“ ၀န်ကြီးချုပ် အရင်ပြောထားတာက ၈ ခန်းတွဲ အဆောင်တွေ ဆောက်ပေးဖို့ ပြောထားပါတယ်။ မနေ့က အစည်းအဝေးမှာတော့ လုံချင်း အိမ်ယာတွေ ဆောက်ပေးရမယ်လို့ ပြောတယ်။ အဲသလို ပြောဆိုရာမှာ စကားများကြပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာပါ” ဟု ဆိုသည်။

ယခုကဲ့သို့ ရပ်နားလိုက်ရသဖြင့် လာမည့် (၂) ရက် အတွင်း အစည်းအဝေးအား ပြန်လည် ပြုလုပ်မည်ဟု ဆိုသည်။

“ အခု ဖြစ်တဲ့ ပြဿနာက ကျွန်တော်တို့က အဆောင် တန်းလျားတွေ မဟုတ်ရင် မဆောက်နိုင်ဘူး။ လုံချင်း အိမ်ယာတွေ ဆောက်မှာကို ရခိုင်တွေဘက်က ဆန့်ကျင်နေတယ်။ သူတို့က နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ဘဲ လုံချင်းအိမ်ယာတွေ မဆောက်ပေးနဲ့လို့ တောင်းဆိုထားတယ်။ ဒါကို သွားဆောက်ပေးရင် ကျွန်တော်တို့ ဆောက်တဲ့ လူတွေအတွက်ပါ ပြဿနာ တက်နိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့က လုံးချင်းအိမ်ယာတွေဆိုရင်တော့ ကန်ထရိုက် ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုရာကနေ စကားများပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မွတ်ဆလင် ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေးကို ဆောက်လုပ်ရေး ကုမ္ပဏီ ၃၉ ခုမှ ကန်ထရိုက်ရထားပြီး အစည်းအဝေးသို့ လုပ်ငန်းရှင်များအားလုံး တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ကန်ထရိုက် ရထားသူများ အနေဖြင့် မိ်သားစု (၈) စု နေထိုင်မည့် အိမ်ခန်းတွဲ (၈) ခုပါ အဆောင် တစ်ခုကို ကျပ်ငွေ ၃၆ သိန်းစီဖြင့် ဆောက်လုပ်ရန် ကန်ထရိုက် ရထားသည်ဟု ဆိုသည်။

ယမန်နေ့က အစည်းအဝေးတွင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှ အိမ်ခန်းတွဲများ အစား  ၁၂ ပေပတ်လည် လုံးချင်းအိမ်ယာများ တစ်လုံးကို (၅) သိန်းကျစီဖြင့် ဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ လုံးချင်းအိမ်များကို ဆောက်နိုင် မဆောက်နိုင်ကို (၂) ရက်အတွင်း အကြောင်းပြန်ရန်လည်း ကန်ထရိုက်ရထားသော ကုမ္ပဏီများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရမှ ပြတ်ပြတ်သားသားမဟုတ်ဘဲ ရှေ့တမျိုးနောက်တမျိုး ပြောဆိုနေသဖြင့် ပြဿနာမှာ ပိုမို ကြီးထွားလာနိုင်သည်ဟု အမည်မဖေါ်လိုသူ စစ်တွေမှ  နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

“ အခု ရခိုင်တွေဘက်ကလည်း နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ခင်မှာ တန်းလျားတွေ ဆောက်ပြီးထားမှာကို သဘောတူထားတယ်။ ဒါကြောင့် ပြဿနာက လောလာဆယ်မှာ ပြေလည်နေပြီ။ ဒါကို ပြန်ပြီး လုံးချင်း အိမ်ယာတွေ ဆောက်ခိုင်းရင် ပြဿနာက ပြန်တက်နိုင်တယ်။ ဆန္ဒပြမူတွေ ပြန်ပေါ်လာပြီး အခြေအနေ ရှုတ်ထွေး လာနိုင်တယ်။ အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား ပြောတဲ့ အတိုင်း လုပ်ဖို့လိုပါတယ်” ဟု ဆိုသည်။

လုံးချင်းအိမ်ယာများ ဆောက်လုပ်ပေးရန် ညွှန်ကြားမူနှင့် ပတ်သက်ပြီး ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်အား စစ်တွေတွင် ဝေဖန်မူများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပြီး စွပ်စွဲတိုက်ခိုက်မူများလည်း ပေါ်ပေါက်နေသည်ဟု သိရသည်။

“ ဒီညွှန်ကြားချက်က နေပြည်တော်က လာတာ ဖြစ်မယ်။ ဒါကြောင့် ဦးလှမောင်တင် တစ်ဦးတည်းကို အပြစ် ပုံချလို့ကတော့ ရနိုင်မယ် မထင်ဘူး။ အထက်က ညွှန်ကြားချက်မရှိဘဲ ဒီလောက် အရေးကြီးတဲ့ လုပ်ငန်းကို ဦးလှမောင်တင် တစ်ဦးတည်း သဘောနဲ့ လုပ်မယ်လို့ ကျွန်တော်က မယူဆဘူး” ဟု နိုင်ငံရေး သမားက ဆိုသည်။

ယခုအခါ မိုးရာသီလည်း နီးလာပြီ ဖြစ်ပြီး နိုင်ငံတကာမှလည်း မြန်မာ အစိုးရ အပေါ် ဖိအားများ တိုးပွား လာနေပြီး တချိန်တည်းတွင် ရခိုင်လူထုဘက်မှလည်း လုံချင်း အိမ်ယာဆောက်လုပ်ပေးမူ အပေါ်ဆန့် ကျင်ကန့်ကွက်မူများ ရှိနေသဖြင့်  မြန်မာ အစိုးရ အနေဖြင့် မည်သို့ ဆောက်ရွက်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ အကျပ်ရိုက်လျှက် ရှိနေကြောင် သတင်း ရရှိသည်။

Most read this week