ရှမ်းမြောက်ပိုင်း အစိုးရတပ်နှင့် တအာင်းတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

ရှမ်းမြောက်ပိုင်း အစိုးရတပ်နှင့် တအာင်းတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ
by -
မဇ္စျိမ

ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်ကြောင်းများ အင်အားဖြည့်တင်းနေ၍ လက်ရှိ အင်အား ၃,၀၀၀ ကျော်ရှိလာပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်ဟု တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးမိုင်ဘုန်းကျော် က ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်ရင်း ၁၁၂ နှင့် အစိုးရ စစ်တပ်များအကြား ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အုပ်စုရှိ ကုန်ဆာရွာမှ နှစ်မိုင်အကွာတွင် တိုက်ပွဲ တနာရီကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“အစိုးရတပ်က ကျနော်တို့ တအာင်းဘက် ထိုးစစ်တွေက တအားများလို့ တိုက်ပွဲ ခဏခဏ ဖြစ်တယ်။ အရင်လ ထက်ကို သုံးပုံတပုံလောက် ပိုများလာတယ်။ အရင်လက နှစ်ထောင် ကျော်ကျော်ပဲ ရှိတာ။ ခုက သုံးထောင်ကျော် သွားပြီ။ တနေရာမှာ ၃၀၀၊ ၄၀၀ နဲ့ ၁၀ နေရာကျော်လောက် ရှိသွားပြီ။ သူတို့က ကြာကြာနေမယ့်ပုံစံ ရှိတယ်။ ရိက္ခာ၊ လက်နက် ဖြည့်တင်းတဲ့ ကားတွေ ပုံမှန် ရှိနေတယ်” ဟု မဇ္စျိမကို ပြောသည်။

နမ်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ် စသည့် မြို့နယ်များတွင်း အစိုးရ စစ်အင်အား တိုးမြှင့်လာခြင်း ဖြစ်သည်ဟု မိုင်ဘုန်းကျော် က ပြောသည်။

ဖေဖော်ဝါရီလက အစိုးရ၏ လေးလပတ် အစည်းအဝေးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်၊ တအာင်းနှင့် ရှမ်း လက်နက်ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ချေမှုန်းရေး ညွန်ကြားချက်အတိုင်း ယခုကဲ့သို့ အစိုးရ စစ်တပ်များ ထိုးစစ်ဆင်မှု ပိုမိုပြုလုပ်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“(ဒု-ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က လေးလပတ် အစည်းအဝေးမှာ ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ရှမ်း၊ ကချင်၊ အထူးသဖြင့် ကျနော်တို့ ပလောင်ပေါ့။ အကုန်လုံးကို  ချေမှုန်းရေး ညွန်ကြားချက်တွေ ထုတ်တယ်။ အဲဒီအတိုင်း၊ သူတို့ စီမံချက်အတိုင်း အကောင်အထည် ဖော်တယ်လို့ မြင်ပါတယ်။ တိုက်ပွဲက ဒီထက်ပိုပြင်းလာမယ့် သဘော ရှိတယ်” ဟု ဗိုလ်မှူးမိုင်ဘုန်းကျော် က ဆက်ပြောသည်။

ယမန်နေ့ကလည်း ကျောက်မဲနှင့် သီပေါမြို့နယ်ဘက်မှ တပ်ရင်းများ နမ့်ဆန်မြို့နယ်သို့ စစ်ကား အစီး ၂၀ ဖြင့်ရောက်ရှိလာရာ အင်အား ၃၀၀ ခန့်ရှိမည်ဟု ၎င်းက ဆိုသည်။

ထိုတပ်ရင်းများသည် နမ့်ဆန် အရှေ့ပိုင်း လျှော်လည်ကွင်းတွင် လှုပ်ရှားနေသော အစိုးရ၏ ၅၀၂ တပ်ရင်း တို့နှင့် ပူးပေါင်း၍ ထားသော်လည်း ယနေ့ မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက PSLF အဖွဲ့ကို အပစ်အခတ် ရပ်စဲရေးပြည်တွင်း တနေရာတွင် ဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းက ကမ်းလှမ်းခဲ့သော်လည်း PSLF အဖြင့် ယခုအချိန်မှာ ပြည်တွင်း၌ တွေ့ဆုံရန် မဖြစ်နိုင်၍ ညှိနှိုင်းမရခဲ့ရာမှ ယခုထိ ထပ်မံ တွေ့ဆုံရေး မဖြစ်သေး ကြောင်း မိုင်ဘုန်းကျော် က ပြောသည်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၇၊ ၃၄ နယ်မြေတွင်လည်း အစိုးရ စစ်တပ်နှင့်ပြည်သူ့စစ် တပ်ဖွဲ့များ ပူးပေါင်းတပ်များနှင့် ယခု ရက်သတ္တပတ်အတွင်းနေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO သတင်းရပ်ကွက်တခုမှ သိရသည်။

Most read this week