ငြိမ်းချမ်းရေး လိုလားသူတိုင်း ငြိမ်းချမ်းရေးဖေါ်ဆောင်မှုတွင် ပါဝင်သင့်

ငြိမ်းချမ်းရေး လိုလားသူတိုင်း ငြိမ်းချမ်းရေးဖေါ်ဆောင်မှုတွင် ပါဝင်သင့်
by -
ကန္တာရဝတီတိုင်း(မ်)

တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အဘက်ဘက်ဝိုင်းဝန်း ဖော်ဆောင်နေချိန်မှာ ငြိမ်းချမ်းရေးလိုလားသူတိုင်း ကိုယ်တိုင် ပူးပေါင်းပါ၀င်ဖေါ်ဆောင်ဖို့  ဒေသငြိမ်းချမ်းရေးဖြစ် စဉ် စောင့်ကြည့်ရေး အစီအစဉ်အတွက် ဖွဲ့စည်းထားတဲ့ Kayah State Peace Monitoring Network (KSPMN) အဖွဲ့ က ကယား(ကရင်နီပြည်)လူထုကို တိုက်တွန်းလိုက်ပါတယ်။

"ဒီနေ့ ကျနော်တို့ပြည်သူလူထုတွေ ငြိမ်းချမ်းရေးကို လိုလားနေကြတယ် ဒါပေမဲ့ ငြိမ်းချမ်းရေးကို လုပ်ဖို့ ကျနော်တို့ကြောက်နေကြတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှုကိုက ငြိမ်းချမ်းရေးကို လုပ်အောင် သင်ပေး တဲ့ဟာမဟုတ်ပဲနဲ့ ငြိမ်းချမ်းရေးကို ကွဲသွားအောင် သင်ပေးတဲ့ ယဉ်ကျေးမှုဖြစ်နေတယ်။ ဒီနေ့ဒီအတွေး အခေါ်တွေ ကျနော်တို့ဆီမှာ ရှိနေတယ်။ ဒီနေ့ ငြိမ်းချမ်းရေးကိုရယူဖို့ဆိုတာ ငြိမ်းချမ်းရေးကို သူများပေးမှ ရတဲ့အရာမဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင်လည်း လုပ်ယူလို့ရတဲ့ အရာဖြစ်တယ်"

ဆရာဒယ်နီယာ နှင့် ကယား(ကရင်နီ)လူထုတွေ့ဆုံစဉ် (ဓါတ်ပုံ-ကေတီ)

ဧပြီလ ၁၉ ရက်နေ့ ဒီးမော့ဆိုမြို့ မော့ဒူကလားမေ ခန်းမဆောင်မှာ KNPP ကိုယ်စားလှယ်အဖွဲ့တွေနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲ အပြီး လူထုတွေနဲ့ အပြန်အလှန် ဆွေးနွေးသွားချိန်မှာ ဘာသာရေးဆရာတဦး လည်းဖြစ် လူမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ KSPMN မှ ဆရာဒယ်နီယာက ပြောကြား သွားတာ ဖြစ်ပါတယ်။  

KSPMN အဖွဲ့ကို ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရားဝင် လေ့လာစောင့်ကြည့်ဖို့ ရရှိရန်အတွက် ပြည်နယ် အတွင်းရှိ ဒေသခံလူထုအခြေပြု လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့က စတင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို မရောက်ရှိသေးခင်မှာ ယခုလို အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ကာလအတွင်း လူထုတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး ယခင်ကလို ထပ်မံမပျက်ပြယ် သွားရလေအောင် နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို လေ့လာစောင့်ကြည့်ထား ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။  

"ဒီအဖွဲ့တွေကိုကျနော်တို့က လျစ်လျူရှု လိုက်ရင် သူတို့ချိုးဖောက်ပြီးတော့မှ သူတို့ပြန်တိုက်ကြရင် ကျနော်တို့ပဲဒုက္ခပြန်ရောက်မှာ ငြိမ်းချမ်းရေးကိုတောင် မရောက်သေးဘူး ဒီအပစ်အခတ်ရပ်စဲရေးကာလမှာ တောင် ကျနော်တို့ ဒီလောက်ပျော်နေကြတယ်ဆိုရင် ဒီလိုဖြစ်စေချင်ကြတယ်ဆိုရင် ဒီဟာတွေကို ဆက်လက် ထိန်းသိမ်းဖို့ ခင်ဗျားတို့ ကျနော်တို့ ပါဝင်ဖို့လိုတယ်။ အထူးသဖြင့် လူထုတွေကနေ အတူတကွပါဝင်ဖို့ ဆိုတာ ကျနော်ပြောပြချင်တယ်" လို့ ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုအချင်းချင်းအကြား ပြည်သူတွေကနေ အင်တိုက်အားတိုက် ပါဝင်သွားဖို့ လိုတယ်လို့ ဒေသခံတဦးဖြစ်တဲ့ ဦးဖိုးရယ်ကလည်း ဆွေးနွေးသွားပါတယ်။

"ဒီအလုပ်က ကျနော်တို့ပြည်သူနဲ့ မဆိုင်ဘူး သူတို့အစိုးရအချင်းချင်းပဲ ပြောနေလို့မရဘူး ဒါပေမဲ့လို့ နိုင်ငံတကာမှာ ပြန်လေ့ လာကြည့်ရင် နိုင်ငံကြီးတွေမဆိုတော့ဘူး အရှေ့တောင်အာရှမှာပဲ ဖီလင်ပိုင်၊ အင်ဒိုနီးရှား၊ စတဲ့နိုင်ငံမှာ ဒီငြိမ်းချမ်းရေး ကိစ္စတွေကို ပြည်သူလူထုတွေကပဲ ကမကထလုပ်ပြီးတော့ အင်တိုက်အားတိုက် တက်တက်ကြွကြွ ပါဝင်ကြတယ်"

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုတရပ်လုံးက အစိုးရနှင့် KNPP တို့ သဘောတူညီထားတဲ့အချက်တွေ ချိုးဖောက်မှုရှိမရှိနှင့် လူ့အခွင့်အရေးတွေ ချိုးဖောက်မှုရှိမရှိ ဆိုတဲ့ အရာတွေကို လေ့လာစောင့်ကြည့် ခြင်းအားဖြင့်လည်း မိမိကိုယ်တိုင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ဆွေးနွေးသွားကြပါတယ်။