ကယားပြည်နယ်တွင် ၁၅၀၀ ကျပ်တန်ဖုန်းကဒ်ကို လွိုင်ကော်မြို့နှင့် ဌာနဆိုင်ရာအတွက်ဦးစားပေးရောင်းချ

ကယားပြည်နယ်တွင် ၁၅၀၀ ကျပ်တန်ဖုန်းကဒ်ကို လွိုင်ကော်မြို့နှင့် ဌာနဆိုင်ရာအတွက်ဦးစားပေးရောင်းချ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်တွင် ၁၅၀၀ ကျပ်တန် CDMA 800MHz ဖုန်းကဒ်ကို လွိုင်ကော်မြို့နယ် နဲ့  ဌာနဆိုင်ရာများအတွက် ပထမဦးစားပေး ရောင်းချပေးသွားတယ်လို့ ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးချစ်လှက ပြောပါတယ်။

"ဒီနေ့ပေးနေတယ်။ လောလောဆယ်လွိုင်ကော်မြို့၊ မြို့နယ်တခုတည်းပေးတယ်၊ နောက်ပြီးတော့ ဌာနဆိုင်ရာရယ် ပေးတယ်၊ ဌာနကတော့ သုံးပုံတပုံပေးတယ်၊ ကျန်တဲ့ နှစ်ပုံကတော့ ရပ်ကွက်အလိုက် မဲချပေးတယ်၊ တချို့ရပ်ကွက်တော့ များများလျှောက်တဲ့ ရပ်ကွက်ဆိုရင် များများရမယ်"

လွိုင်ကော်မြို့နယ်တွင် ရပ်ကွက်အလိုက် လျှောက်ထားလူဦးရေ ၁၂ဦးလျှင် ၁ဦး ဖြင့်အချိုးကျ ပေးသွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ကယားတပြည်နယ်လုံးအတွက် စုစုပေါင်းစင်းကဒ် ၅၅၀ ကဒ်ရရှိပြီး ယနေ့ လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ စင်းကဒ် ၃၅၀ ကိုဝေပေးနေတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၂၅၀ ကိုတော့ တခြားမြို့နယ်အသီးသီးသို့ ဖုန်းလိုင်းတွေကို လိုက်စမ်းသပ်ပြီး အနည်းငယ်စီ ပြန်ချပေးသွားမယ်လို့ ပြောပါတယ်။