တိုင်းလိုင်အမည်ဖြင့် တရားဝင်အသိအမှတ်ပြုနိုင်ရန် ရှမ်းနီပါတီ ကြိုးပမ်းဆောင်ရွက်သွားမည်

တိုင်းလိုင်အမည်ဖြင့် တရားဝင်အသိအမှတ်ပြုနိုင်ရန် ရှမ်းနီပါတီ ကြိုးပမ်းဆောင်ရွက်သွားမည်
by -
ကေအိုင်စီ

တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများကို ယင်းအမည်မှန်ဖြင့် တရားဝင် အသိအမှတ်ပြုသော အမျိုးသား မှတ်ပုံတင် ထုတ်ပေးနိုင်ရေးအတွက် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီကကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ကေအိုင်စီ သို့ ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်အောက်ပိုင်းဒေသများတွင် အများဆုံး နေထိုင်သည့် တိုင်းလိုင်(ရှမ်းနီ) များအား လက်ရှိတွင် ဗမာ၊ရှမ်း-ဗမာ၊ရှမ်း စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုပြီး မှတ်ပုံတင် ထုတ်ပေးလျက်ရှိသလို အစိုးရက တရားဝင် ထုတ်ပြန်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင်လည်း ၎င်းတို့ကို ရှမ်းကလေးဟု သတ်မှတ်ထားကြောင်း၊ သည့်အတွက် ကြောင့် တိုင်းလိုင်(ရှမ်းနီ) အမည်မှန်ဖြင့် တရားဝင် သတ်မှတ်ပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဦးစောဝင်းထွန်းက ဆိုသည်။

၎င်းက “အခုချိန်မှာ ကျွန်တော်တို့ကို တိုင်းလိုင်(ရှမ်းနီ)ဆိုပြီး မှတ်ပုံတင်ထုတ်ပေးထားတာ တစ်ယောက်မှ မရှိသေးဘူး။ ဗမာ၊ရှမ်း-ဗမာ၊ရှမ်းဆိုပြီး သုံးမျိုးလောက်ခေါ်ပြီး မှတ်ပုံတင်ထုတ်ပေးနေတယ်။ အမည်မှန်ဖြစ်တဲ့ တိုင်းလိုင်(ရှမ်းနီ)ဆိုပြီး တပြေးညီ မှတ်ပုံတင်ထုတ်ပေးနိုင်အောင် ပါတီက ဦးဆောင်ပြီး ကြိုးပမ်းသွားမှာပါ”ဟု ဆိုသည်။

ထိုသို ့တပြေးညီ သတ်မှတ်ခေါ်ဆိုနိုင်ရန် လွှတ်တော်အတွင်း တွန်းအားပေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ရှမ်းနီလူမျိုးစု အများဆုံး နေထိုင်ရာဒေသများသို့ သွားရောက်၍ အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျှက်ရှိပြီး လာမည့်၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌လည်း ရှမ်းနီ ဟူသော အမည်မှန်ဖြင့် ကောက် ယူနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော် သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဌများထံသို့လည်း တိုင်းလိုင်(ရှမ်းနီ)လူမျိုးများနှင့် ပတ်သက်သည့် သမိုင်းစာတမ်းတစ်စောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပေးပို ့ထားပြီးဖြစ်သည်ဟုလည်း ဦးစောဝင်းထွန်းက ပြော ဆိုသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ခံ ရှမ်းနီလူမျိုး စိုင်းဆေဖိတ် ၃၈ နှစ်က “အခုဟာ ကျနော်တို့က လက်ရှိ မှတ်ပုံတင်အရကြည့်ရင် လူမျိုးပျောက်နေသလိုဖြစ်တယ်။ ကျနော်တို့မိသားစုမှာ မိဘနဲ့ အစ်ကို၊ အစ်မကလွဲရင် ကျနော်နဲ့ ကျန်အငယ်သုံးဦးဆို ရှမ်းဗမာ လို့ပဲ မှတ်ပုံတင်မှာပါတယ်။ ဒါကြောင့် ကျနော်တို့ကို ရှမ်းနီလူမျိုးဆိုပြီး မှတ်ပုံတင်ထုတ်ပေးရင် သိပ်ကောင်းတာပေါ့။ ဒါမှ ကိုယ့် ယဉ်ကျေးမှုပွဲတော်တွေကိုလည်း ကျင်းပဖော်ထုတ်နိုင်မှာ။”ဟု ကေအိုင်စီသို့ ပြောသည်။

တော်လှန်ရေးကောင်စီလက်ထက် ၁၉၇၄ ဖွဲ ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းနီလူမျိုး အများဆုံး နေထိုင်သည့် ကချင်ပြည်နယ် အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများအား မြေလတ်ဒေသ၊ ရှမ်းပြည်နယ်အဖြစ် တရားဝင် ပြည်နယ် သစ်တစ်ခု သတ်မှတ်ပေးရေး တောင်းဆိုမှုများရှိခဲ့ရာ ထိုစဉ်က ဦးဆောင်တောင်းဆိုသူ ရှမ်းနီများမှာ ဖမ်းဆီးထောင်ချခံခဲ့ရ သည်။

နောက်ပိုင်းတွင် တိုင်းလိုင်(ရှမ်းနီ)အမည်ဖြင့် ဖွဲ ့စည်းလှုပ်ရှားဆောင်ရွက်ခွင့် မရရှိတော့ဘဲ လက်ရှိ အစိုးရသစ်လက်ထက် ၂၀၁၂ခုနှစ်၊ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်၌ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ ့ဖြိုးတိုးတက်ရေးပါတီကို တရားဝင် တည်ထောင်ခွင့် ရရှိခဲ့သည်။
 
လက်ရှိတွင် ရှမ်းနီလူမျိုးများသည် ချင်းတွင်း၊ သံလွင်မြစ်ဝှမ်းတစ်လျှောက်ရှိ ဒေသများ၌ အများဆုံးနေထိုင်ကြပြီး ဟုမ္မလင်း၊ ခန္တီး၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း စသည့်မြို့ပေါင်း၂၃မြို့နယ်တွင် အဓိက နေထိုင်လျှက်ရှိကာ လူဦးရေ ခန့်မှန်းခြေ ၂ သန်းဝန်းကျင်ရှိ ကြောင်း သိရသည်။

Most read this week