တရုတ်-မြန်မာနယ်စပ်ရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပစ္စည်းများ သွားရောက်ကူညီမည့် အစီအစဉ်ကို အစိုးရခွင့်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ဌာနေရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က ပြောသည်။
ကုလသမဂ္ဂ အဖွဲ့အစည်းများ ပူးပေါင်း၍ ကချင်စစ်ပြေးဒုက္ခသည်များအား အကူအညီပေးရန် အဆင့်ဆင့် တင်ပြထားမှု မကျသေး၍ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက မဇ္စျိမကို ပြောသည်။
“ခွင့်ပြုချက် စောင့်နေတယ်။ ခွင့်ပြုချက်က အဲဒီကို သွားတဲ့ လူစာရင်းကို ပေးရတယ်။ သွားဖို့က သဘောတူပြီး သား။ ဒါပေမဲ့ သွားဖို့က ခွင့်ပြုချက်ဆိုတာ သူ့အဆင့်ဆင့် သွားရတယ်။ အဲဒီ အဆင့်ဆင့်က မပြီးသေးလို့ မသွားသေးတာ။ ခွင့်ပြုချက် အဆင့်ဆင့်ကို အသေးစိတ် မပြောတော့ဘူး။ လုံခြံုရေးကိစ္စတွေကြောင့်၊ ခွင့်ပြု ချက် ပြည့်စုံတယ်ဆိုမှ ထွက်လို့ ရမှာ” ဟု ဦးအေးဝင်း က ပြောသည်။
ကုလ အဖွဲ့အစည်းများသည် ဧပြီလ ၉ ရက်နေ့ တရုတ်နယ်စပ် မိုင်ဂျာယန်ရှိ ပါကထောင် ဒုက္ခသည် စခန်းမှ စစ်ပြေးဒုက္ခသည်များအား ထောက်ပံ့ကူညီရန် စီစဉ်ခဲ့သော်လည်း နိုင်ငံခြားသားတဦး ပါဝင်သဖြင့် ခွင့်ပြုချက်
တောင်းထားသည်ဟုဆိုကာ ယနေ့ထိ ဒုက္ခသည်များထံ ကူညီမည့်ပစ္စည်းများ မရောက်လာသေးကြောင်း KIO ဒုက္ခသည်ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။
“၆ ရက်နေ့ သူတို့ (ကုလသမဂ္ဂ) လာမယ်ဆိုတာ အကြောင်းကြားတာတယ်။ ၈ ရက်နေ့ကျတော့ ခွင့်ပြုချက် မရသေးဘူး ဆိုပြီး ပြန်အကြောင်းကြားလာတယ်။ နိုင်ငံခြားသား တဦး ပါလို့ ခွင့်ပြုချက် မရသေးလို့ပြန်ပြော လာ တယ်။ အစား အသောက်တွေ၊ ရေသန့်တွေ၊ ဆေးဝါးတွေ ပါမယ်လို့ ပြောတယ်” ဟု မဇ္စျိမကိုပြောသည်။
ထို ကုလအဖွဲ့များသည် ယမန်နှစ်က မိုင်ဂျာယန်ရှိ စစ်ပြေးဒုက္ခသည်များအား သွားရောက် ကူညီခဲ့ပြီး ယခုနှစ်အတွက် ပထမဆုံးအကြိမ် သွားရောက်ထောက်ပံ့ရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်က ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ ကူညီထောက်ပံ့ ပစ္စည်းများ သယ်ဆောင်လာစဉ် နိုင်ငံခြားသား နှစ်ဦး ပါဝင်ဖြင့် တားမြစ်ခံထားရသော်လည်း လေးရက်မြောက်နေ့ တွင် ပြန်လည် ခွင့်ပြု၍ သွားရောက်ကူညီခွင့် ရခဲ့သည်။
တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိ ဒုက္ခသည်များအား ကုလ အကူအညီများ သွားရောက်ပေးရန် လုံခြံုရေး အခက်အခဲကြောင့် လာရောက် ကြန့်ကြာနေသည်ဟု မကြာမီက ဦးဒွဲပီဆားက မဇ္စျိမကို ပြောဆိုခဲ့သည်။