KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
(ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး)
KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
မေး - ပထမဆုံးမေးချင်တာက KIO နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးပွဲ ရက်ရွှေ့ရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။
ဖြေ - အခုလုပ်တဲ့ ဆွေးနွေးပွဲက ပိုအဆင့်မြင့်လာတယ် ဆိုလိုတာက တရုတ်အစိုးရပါလာတယ် ၊ ကြားအဖွဲ့အစည်းတွေပါ လာတယ်။ Stake Holder တွေက ၅ ဖွဲ့ ၆ ဖွဲ့ ဖြစ်လာတယ်။ Peace process မှာက Stake Holder တွေများလာတော့ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတာတွေလည်းရှိလာတာပေါ့။ ကောင်းတာကတော့ နှစ်ဘက်ဆွေးနွေးမှု Legitimate ဖြစ်ဖို့အတွက် ပိုပြီးကောင်းသလို ညှိနှိုင်းရတဲ့အခါ အခြေခံအားဖြင့် တူညီမှုတွေရဖို့အတွက် ခက်ခဲလာတာပေါ့ ဗျာ။ ဒါကြောင့်မို့ ဧပြီလ ၆ ရက်နေ့မှာ ကျင်းပမဲ့ ဆွေးနွေးပွဲဟာ နောက်ကို ရွှေ့ရတဲ့သဘောဖြစ်လာတယ် ။
မေး - အခု KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါ၀င်တဲ့အဖွဲ့ ( Stake Holder )တွေရဲ့ အနေအထားကို သုံးသပ်ပေး ပါလား ။
ဖြေ - KIO အနေနဲ့ကတော့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က စပြီးသူ့ဘက်က ပြင်ဆင်မှုတွေအများကြီးလုပ်တယ် လောလော ဆယ် ကချင်ပြည်သူတွေအားလုံးက သူ့ကိုထောက်ခံတယ်။ ဒါပေမဲ့ရေရှည်ဖြစ်လာရင် ပြည်သူတွေသိပ်ဒုက္ခရောက်လာရင် နိုင်ငံရေးအဖွဲ့အနေနဲ့ ဒါမျိုးကို ရှောင်ကျဉ်တာက အကောင်းဆုံးဖြစ်မယ်။ အဲဒီအောက်မှာပဲ ကေအိုင်အေက တဆင့်ပြီး တ ဆင့် လုပ်လာတာပေါ့။ အထူးသဖြင့် မတ်လ ၁၁ ရက်နေ့က စပြီးတော့ တပ်တွေကို ညွန်ကြားထားတာရှိတယ်။ သေနတ် သံ မမြည်စေဖို့ ခံစစ်ဆိုရင်တောင် တချို့ကိစ္စ တွေမှာ အောက်ခြေချင်းညှိပြီးတော့ နေရာဖယ်ပေးဖို့အထိ ပြင်ဆင်ထားတယ် ။ မြစ်ကြီးနား - ဗန်းမော်ကား လမ်းက ကန်တော်ယန်တို့ ဘာတို့ဆိုရင်ဖယ်ပေးလိုက်တယ်။ အဲလိုပဲ တစ်ဘက်နဲ့တစ်ဘက် သိပ်တင်းမာနေ တုန်းက တက်ပြီးယူထားတဲ့ နေရာတွေကို ဆုတ်ပေးလိုက်တယ်။ သူ့ဘက်ကတော့သိပ်မဆိုး ဘူး ပျော့ပျော့ ပြောင်းပြောင်းနဲ့ သဘောထားရှိတယ် ။
မေး - အစိုးရဘက်က ပါ၀င်တဲ့ အဖွဲ့တွေကို ဘယ်လိုခွဲခြားလို့ရမလဲဗျ ။
ဖြေ - ဗမာအစိုးရဘက်မှာတော့ ပါလီမန်ရယ် စစ်တပ်ရယ် MPC ရယ်ပေါ့။ MPC ကတော့ Stake Holder ထဲမှာ အရေး ကြီးတဲ့ အပိုင်းကနေ ပါနေတော့ သီးခြားပြောတာပိုကောင်းတယ်။ ဒီမှာ ပါလီမန်ရယ် စစ်တပ်ရယ် တစ်သံထဲထွက်နေတယ် ။ လွတ်တော်မှာလည်း ဒီကိစ္စတွေကို ဆွေးနွေးသံမကြားရဘူး ဦးလှဆွေလို လူမျိုးကတောင် Bullet ပေးမယ်ဆိုပြီး သူပြောချင်ရာလျှောက်ပြောသွားတယ်။ အဲဒါကို ဘယ်သူမှမတုန့်ပြန် ဘူး။ လွှတ်တော်ဟာ မပြတ်မသားနဲ့ ဘက်လိုက်မှုတွေနဲ့ သွားနေတယ်။ ရခိုင်လွတ်တော်အမတ်တွေ ရခိုင်ပြည်နယ်ကိစ္စပြောတာကလွဲလို့ ကျန် တိုင်းရင်းသား အမတ်တွေကလည်း တိုက်ပွဲ ဖြစ်နေတာတွေကို မပြောဘူး။ ဒါကြောင့်မို့လွတ်တော်ဟာ ပြည်သူတွေအတွက် တိုင်းရင်းသားတွေအတွက် မှန်မှန် ကန်ကန် ရပ်တည်ပေးနိုင်တာမရှိဘူး။ တစ်ချိန်က အတိုက်အခံလို့ ပြောတဲ့ ဒေါ်စုကိုယ်တိုင်က ကြာလေတိုင်းရင်းသား ပြည်သူတွေနဲ့ ဝေးကွာလေ ဖြစ်နေတယ်။ သူ့ကိုလည်း အားကိုးလို့မရဘူး အတိုက်အခံအလုပ်မလုပ်ဘူး။ အစိုးရခိုင်းတာပဲ လုပ်တော့မယ်ဆိုတဲ့ လေသံထွက်လာတယ်။ ဒါဟာဘက်နှစ်ဘက် ကိစ္စမှာ သူဘယ်လိုရပ် တယ်ဆိုတာ ပေါ်လွင်တယ် ။ဒါကြောင့်မို့ လွတ်တော်ဟာ ငြိမ်းချမ်းရေးအခန်းကဏ္ဍမှာ ပါမလာဘူး ။
မေး - ဒီနေရာမှာ အဓိကကျတဲ့ စစ်တပ်ကိုရော ဘယ်လိုသုံးသပ်ပါသလဲ ။
ဖြေ - ကာလုံနဲ့စစ်တပ်ကရှင်းတယ်။ တစ်ခါမှ ငြိမ်းချမ်းရေးအတွက် ညွှန်ကြားတာမရှိခဲ့ဖူးဘူး။ အခု ဖေဖေါ်ဝါရီလနောက်ပိုင်း မှာ Plan ချပြီးလုပ်တယ်။ တိုက်ပွဲကာလအတွင်းက ရထားတဲ့နေရာတွေကနေ မဆုတ်နဲ့။ အဲဒီနေရာတွေမှာ အခိုင်အမာ ဖြစ် အောင်ပြန်လုပ်တယ်။ ရိက္ခာတွေ လက်နက်တွေပို့တယ်။ ခံစစ်သေစခန်းတွေဆောက်တယ်။ ပိုဆိုးတာက မတ်လ ၁၁ ရက်နေ့ နောက်ပိုင်းမှာ ဘာတပ်မှ မလျှော့ဘူး။ နောက်တစ်ခုက သျှမ်းမြောက်ဒေသ ထိုးစစ်ဝင်ထားတဲ့အချိန် လှုပ်ရှားပြီး ဖယ်ပေး ခဲ့တဲ့ နေရာတွေကို လုံးဝပြန်အဝင်မခံတော့ဘူး။ ၀င်တာနဲ့ချဆိုတာမျိုးဖြစ်လာတယ် အရင်ကတော့ အမြစ်ပြုတ်ရေးပေါ့ ။ အခု က အဲဒီဒေသတွေကို ခြေမချနိုင်ရေးပေါ့ ။ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစီးအောက်မှာ တပ်တွေဖြန့်ထားလိုက်တယ် ။
မေး - MPC အပိုင်းကိုရော ဆက်ပြောပေးပါအုံး ။
ဖြေ - MPC ဆိုတာရှိတယ် ။ အားလုံး က ပဏာမငြိမ်းချမ်းရေးအဆင့်ပဲ။ ဒါကြောင့်တိုက်ပွဲတွေဆက်ဖြစ်တယ် ။ တချို့နေရာတွေဖယ်ခိုင်းတယ်။ မဖယ်ရင်တိုက်တယ်။ ပြီးရင်တပ်ချင်းမှားသွားလို့ပါဆိုပြီး တောင်းပန်တယ်။ အဲဒီအခြေအနေမှာ MPC က အစည်းအဝေးတွေမှာ ပါးစပ်က အာမ တွေခံ သွားတယ်။ ပြီးတော့ဘာမှ အကောင်အထည်မဖေါ်ဘူး။ ကျနော်တစ်ဦးချင်းအမြင်အရဆို MPC မှာရှိတဲ့လူတွေဟာ တိုင်းရင်းသားတွေ အကြောင်းဘာမှ နားမလည်ဘူး။ တိုင်းရင်းသားတစ်ယောက်မှ မပါဘူး။ အစိုးရအာဘော်တွေကို ဖြန့်တယ်။ Page worker တွေဖြစ်နေတယ်။ တိုင်းရင်းသားတွေကိုလည်းနားလည်တယ်။ နှစ်ဘက်စလုံးကိုမှန်မှန်ကန်ကန် ရပ်တည်ပေး နိုင်တဲ့ balance ရှိဖို့လိုတယ် ။
မေး - နောက်ဆုံးအနေနဲ့ တရုတ်ရဲ့ပါ၀င်မှုကိုရော ဘယ်လိုမြင်ပါသလဲ ။
ဖြေ - တရုတ်ဆိုရင် အစိုးရနဲ့ ကေအိုင်အေကြားမှာ မတက်မကြွနဲ့ ဒီအတိုင်းထိုင်ကြည့်နေတာ ကြာပြီပေါ့နော် ။ ဒီကြားထဲမှာ ဗမာအစိုးရဘက်က ရပ်တဲ့ပြဿနာတွေပေါ်လာတယ်။ ဒုက္ခသည်တွေကိုမောင်းထုတ်တာတွေ လုပ်လာတယ်။ ဗမာအစိုးရရဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ ပြင်းထန်တဲ့နယ်စပ်တိုက်ပွဲတွေအောက်မှာ ဘယ်လိုမှ ရပ်နေလို့မရဘူး။ ဒါကြောင့်ခုန်ပြီးထွက် လာတာဖြစ်တယ်။ ပုံမှန်စွက်ဖက်နေပြီးမှ ဘယ်တော့မှ မစွက်ဖက်ပါဘူးလို့ ပြောနေချိန်မှာ သူတို့ကြားဝင်မှ ဖြစ်တော့မယ် ဆိုပြီးထွက်လာတာ။ ကျနော့်အမြင်အရ ဆိုရင်တော့ တရုတ်ပြည်ပါလာတာ ကောင်းတယ်။ သူပါနေဖို့လိုတယ် ။ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ပြည်နယ်စပ်မှာ ဖြစ်နေလို့ အလားတူ နိုင်ငံတကာလည်း ပါဖို့လိုတယ်။ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ဆွေးနွေးပွဲ စပြီး တရုတ်ပါမလာဘူးဆိုရင် ဒီမိုးမကျခင်မှာ နှစ်ဘက်ပြင်းထန်တဲ့တိုက်ပွဲတွေ အများကြီးတွေ့ ရမှာဖြစ်တယ်။ တရုတ်ပြည်နဲ့ ဆက်ဆံတဲ့အခါမှာ လိမ်မာပါးနပ်စွာနဲ့ သူ့ကိုအသုံးချဖို့လိုတယ်။ သူက ကျနော်တို့ကို နှစ်ပေါင်းများစွာ အသုံးချခဲ့ပြီးပြီ ။ ဒါမှသာလျှင် တစ်စုံတစ်ရာ တရားဝင်တဲ့အချက်အလက် တွေကို ဖန်တီးနိုင်မှာဖြစ်တယ် ။