စစ်ရေးငြိမ်သက်မှုမရှိသေးသဖြင့် ဒုက္ခသည်များနေရပ်ပြန်ရေး စခန်းကော်မတီကန့်ကွက်

စစ်ရေးငြိမ်သက်မှုမရှိသေးသဖြင့် ဒုက္ခသည်များနေရပ်ပြန်ရေး စခန်းကော်မတီကန့်ကွက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အောင်မင်္ဂလာ ကျောင်းတိုက်ရောက် ဒုက္ခသည်များအားလုံး နေရပ်ပြန်ပို့မည့် အစီအစဉ် မဖြစ်နိုင်သေးကြောင်း၊ ဒုက္ခသည်များအတွက် အာမခံချက်မရှိပဲ ပြန်ပို့မည့်အစီအစဉ်အား ကန့်ကွက်ကြောင်း ကူညီဆောင်ရွက် ပေးနေသည့် တန့်ယန်းလူငယ်များအဖွဲ့ကပြောပါသည်။

“စစ်မြေပြင်နဲ့ဝေးတဲ့ ဖာဖန် (ပန်မောင်ခယ် ၊ ကောင်းဆိုင်း၊ ဟွေ့ပူရွာ) က ရွာသား ၃၀ ကျော်ကျော်လေးဘဲပြန်သွား ပြီ။ ကျန် တာ တော့ နောက်တပတ်လောက် အခြေအနေ စောင့်ကြည့်ဦးမယ်။ ဘာလို့လဲဆိုတော့ဒေသခံတွေရွာ ပြန်သွားရင် လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ထပ်ရှိလာဦးမှာမလွဲဘူး။ ဒါကြောင့် ကျနော်တို့လူငယ်အဖွဲ့က သူတို့ကိုရွာပြန်ပို့မယ့်အရေး ကန့် ကွက် ကြတယ်။ တဖက်ကလဲ ရွာကိုနေ့တိုင်းပြန် ပြန်သွား ကြည့်တဲ့လူငယ်တွေက ပြန်လာပြောပြချက်အရ ရွာမှာအခြေအနေမကောင်း သေးဘူး။ နှစ်ဘက်စလုံးက ချိန်နေကြသေးတဲ့အနေအထား မှာရှိနေတော့ စိတ်မချရသေးဘူးဆိုလို့  ဒီနေ့ ဒုက္ခသည် အားလုံးကို နေရပ်ပြန် ပို့မယ့် အစီအစဉ်ဖျက်လိုက်တာ ဖြစ်ပါတယ်” ဟု ဒုက္ခသည်စခန်း၌ ကမကထပြု ကူညီဆောင်ရွက်ပေးနေသည့် လူငယ်စိုင်းခေးက ပြောပါသည်။

တဖက်တွင်လည်း ဒုက္ခသည်များအတွင်း (နို့တိုက်ခလေးအရွယ်) သားသည်မိခင်များ အများအပြားပါဝင်ကြောင်း အဆိုပါ လူ ငယ်များကပြောသည်။

ယမန်နေ့က ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ နိုင်ငံရေးပါတီများနှင့် ကူညီရေးအဖွဲ့အစည်းများ အစည်းအဝေးလုပ်၍ ဒုက္ခ သည်များအား နေရပ်ပြန်ပို့ပေးရန် စီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စစ်ဘေးဒုက္ခသည်များ အနက်တွင်လည်း နေရပ်ပြန်လို သူများ ရှိသကဲ့သို့ စိတ်မချရသေးသဖြင့် နေရပ်မပြန်လိုသေးသူများလည်း ရှိကြောင်း၊ နေရပ်ပြန်ပို့ပေးဖို့စီစဉ်ရာတွင်လည်း  ဒေသ တွင်းစစ်မက်အခြေအနေအတွက် မည်သူမှ အာမခံချက်မပေးနိုင်ကြောင်း စိုင်းခေးကပြောပါသည်။

အလားတူ ဒုက္ခသည်များအတွက် တက်ကြွစွာ ကူညီဆောင်ရွက်ပေးနေသော လားရှိုးလူငယ်အဖွဲ့မှသျှမ်းတိုင်းရင်း သား များ ဒီမို ကရေစီအဖွဲ့ချုပ်၏ (လားရှိုး) ပြောခွင့်ရ စိုင်းလူက “ ဒုက္ခသည်တွေ တစုတစည်းတနေရာထဲမှာနေ ထိုင်နိုင်အောင်၊ သူတို့ရဲ့ စား သောက်မှုအတွက်အဆင်ပြေအောင် စတင်ကူညီလာခဲ့တာ လူငယ်အဖွဲ့ ဖြစ်ပါတယ်။ နောက်ပိုင်းမှ အုပ်ချုပ်ရေး မှူးတွေ နိုင်ငံရေး ပါတီတွေ ပူးပေါင်းလာတာဖြစ်တယ်။ ဒါကြောင့်ဒုက္ခသည်တွေ အတွက်ဘာဘဲလုပ်လုပ် အားလုံး လက်တွဲ ပူးပေါင်းပြီးမှ ဆုံးဖြတ် သင့်တယ်။ ကျနော်တို့  လူငယ်အဖွဲ့အနေနဲ့တော့ ဘာဘဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ ကြိုးစား ပြီးကူညီသွားမှာဘဲ ” ဟု သျှမ်းသံတော်ဆင့်အား ပြော ပါသည်။

ဒုက္ခသည်များ ယခုအခြေအနေအတွင်း နေရပ် ပြန်ပို့လိုက်မည်ဆိုပါက လုံခြုံရေးအကြောင်းပြကာ  မြန်မာစစ်တပ်က အင်အား တိုးချဲ့ချထားမည်မှာမလွဲကြောင်း၊ ထိုအခြေအနေ၌ ရွာသားများသည် အဆိုပါမြန်မာစစ်တပ်အား အချိန်ပြည့် အလုပ်အကျွေး ပြုပေးနေရမည်မလွဲကြောင်း၊ ရွာသားများအားနေရပ်အမှန်ပြန်ပို့လိုသည့် စိတ်ရင်းစေတနာမှန်ပါက စစ်မျက်နှာပြင်၌ ရှိသော အစိုးရတပ်များ နောက်တန်းသို့ ပြန်ဆုတ်ပေးသင့်ကြောင်း၊ ပြည်ထောင်စုအဆင့်အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မ တော် စခန်း သို့ ဦးတည်လှုပ်ရှားမှုမျိုးမရှိသင့်ကြောင်း၊ ထိုသို့ဆက်ရှိနေပါက ကျေးလက်လူထုအား လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက် ဖြစ်ဦးမည်မလွှဲကြောင်း၊ ထို့ကြောင့် ရွာသားများအတွက် ဘဝအာမခံချက်အခိုင်အမာမရှိသေးသည်ကိုတွေးပူကာ လူငယ် အဖွဲ့က ဒုက္ခသည်များအား နေရပ်ပြန် မပို့စေလိုခြင်းဖြစ်ကြောင်း စိုင်းလူက ဆက်လက်ရှင်းပြပါသည်။

“ဧပြီလ ၃ ရက်နေ့က ကျနော်တို့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနဲ့တွေ့တုန်းက - တိုက်ပွဲမဖြစ်အောင် သမ္မတကိုပြော ပေးမယ် လို့ပြောတယ်။ အခုတိုက်ပွဲတော့ မဖြစ်တော့ပေမယ့် အစိုးရတပ်ကတော့ ခုထက်ထိ မရုပ်သိမ်းသေးဘူး။ ရှေ့တန်းမှာရှိနေတုန်းဘဲ - ဟု SSPP မှ စဝ်နော်လိတ် ကပြောပါသည်။

မတ်ခ်ျ ၂၆ ရက်နေ့က ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးကလည်း- ကျနော်တို့လဲ အထက်အမိန့်ကို မလွန်ဆန်နိုင်ဘူး၊ သံလွင် အနောက်ခြမ်း တန့်ယန်း - မိုင်းကောဝ် တကြောကို ကျနော်တို့ကို စစ်အင်အားပို့ပေးပြီး နယ်မြေရှင်းလင်း ခိုင်းထားတယ်။ ခင်ဗျားတို့တပ်တွေဆုတ်ပေးပါ။ မဆုတ်ပေးရင် မလွှဲမရှောင်သာ ကျနော်တို့ တိုက်ပွဲဖြစ်ရမှာဘဲ - ဟု စဝ်စိုင်းထူး နှင့် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလာ တို့အား လားရှိုးစစ်တိုင်းရုံး၌ ခေါ်ယူတွေ့ဆုံကာပြောကြားခဲ့သည်။