ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း(ပလောင်) ဒေသတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဆိုးရွားလာနိုင်ကြောင်း နမ့်ဆန်ဒေသခံ တဦးမဖြူက ပြောသည်။
၎င်းက “ ကျွန်မတို့ နမ့်ဆန်မှာ မိုးရာသီတိုင်း မြေပြိုတယ်။ မြေသားတွေလဲ မကောင်းတော့ဘူး။ အထွက်နှုန်းလဲ သိသာတယ် လျော့သွားတယ် ” ဟုဆိုသည်။
အဆိုပါ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု အတွက် ကုမ္ပဏီဘက်မှ မည်သို့ ဆောင်ရွက် ပေးမည် ဆိုသည်ကို မသိရှိရကြောင်း မဖြူကပြောသည်။
တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) မိုင်မျိူးအောင်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံ (၈၀၀၀) ကျော်မှာ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများမှ အန့ံဆိုးများကြောင့် အခက်အခဲများ ရှိနေပြီး သောက်သုံးရေများမှာ မသန့်ရှင်း တော့ကြောင်း မဇ္စျိမသို့ပြောသည်။
မိုင်မျိူးအောင်က “တချို့နေရာတွေမှာတော့ ရေတွေက သုံးမရဘူး အနံ့ဆိုးတွေ ထွက်နေတယ်။ မိုးရာသီမှာဆိုရင် မြေပြိုတာ ဖြစ်တတ် တယ်။ ရေတိုက် စားတဲ့ နေရာတွေ များတယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒေသခံများ၏ လယ်ယာမြေများသာမက သစ်တောများ၊ မြစ်ချောင်းများပါ ပျက်စီးနေရကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ခံ မိုင်လမိုင်းက ပြောသည်။
၎င်းက“ ကျွန်တော်တို့ လေ့လာချက်တွေအရ မြေယာတွေကော သဘာဝ ပတ်ဝန်းကျင်ပါ ပျက်စီးနေပါတယ်။ချောင်းရေတွေ ခန်း သွားတယ်။ မှောင်ခိုဒေသလို ဖြစ်လာတယ်။ မှောင်ခိုဇုန်တွေ ဖြစ်လာတယ်။ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်နေကြ တယ်။ စစ်တပ်တွေကလည်း မသိသလိုပဲ မျက်ကွယ် ပြုနေကြတယ် ” ဟု ဆိုသည်။
၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်နေ့ နမ့်ခမ်းမြို့ အနီးတွင် ဓာတ်ငွေ့ ပိုက်လိုင်း စမ်းသပ်ရေလွှတ် ကြည့်စဉ်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး၊ မတ်လ ၂၃ ရက်နေ့တွင်လည်း နမ္မတူမြို့အနီးတွင် ဓာတ်ငွေ့ပိုက်လိုင်း ထပ်မံ တူးနေစဉ် ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထိုပေါက်ကွဲမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် လုပ်ဆောင်မထားမှုမှာ သိသာ လာကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို အမှန်တကယ် တင်ပို့ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားမည်ကို
ဒေသခံများက အထူးစိုးရိမ်နေကြကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ အလုပ်မှုဆောင် အဖွဲ့ဝင် မလွေးကွယ်က ရှင်းပြသည်။
ပိုက်လိုင်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ (EIA) နှင့် လူမှုဝန်းကျင် ထိခိုက်မှု ဆိုင်ရာ လေ့လာချက် (SIA) များ လုပ်ပေးဖို့ တောင်းဆိုထားကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ကိုအိုလာက ဆိုသည်။
ကုမ္ပဏီမှ တာဝန်ရှိသော ကိစ္စများ မှန်သမျှကို တာဝန်ယူရန် လိုအပ်ကြောင်း ရိုးရိုးသားသား နေရမည်ဟု ဦးအုန်းက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံ၊ နောင်ချို မြို့နယ်များတွင် သစ်တော ပြုန်းတီးမှု များ ဖြစ်ပေါ်နေပြီး စမ်းချောင်းများမှ ရေမစီးဆင်းနိုင်တော့ခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း၊ တအာင်း လူမျိုးများ၏ အသက်မွေး ဝမ်းကျောင်း ဖြစ်သော လက်ဖက်ခြံများ လယ်ယာမြေများမှာ တူးမြောင်းဖောက်လုပ်ခြင်း လမ်းများဖောက်လုပ်ခြင်း တို့ကြောင့် မြေယာများ ပျက်စီးကြရကြောင်း နှင့် အသက်မွေး ဝမ်းကျောင်းမှု ထိခိုက်ကာ သစ်တောပြုန်းတီးမှုများကြောင့် ဂေဟစနစ် ပျက်စီးသွားနိုင်ကြောင်း ဒေသခံများက ပြောသည်။