ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား နိုင်ငံရေးလက်ကိုင်တုတ်အဖြစ် ဦးသိန်းစိန်အစိုးရ ဆက်လက်အသုံးပြုနေကြောင်း သျှမ်းပြည် မူးယစ်ဆေး ဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။
“ပန်းဆေးပြည်သူ့စစ်စခန်း ကို မနေ့က တပ်ပေါင်းစုတွေ သွားတိုက်တော့ ဘိန်းချက်ရုံ နှစ်ရုံပါတယ်။ နှစ်ရုံစလုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်။ မူးယစ်နဲ့ဆိုင်တဲ့ သက်သေတွေတော့ အဲဒီလာတိုက်တဲ့ တပ်ပေါင်းစုက အားလုံးယူဆောင်သွား တယ်လို့ကြားတယ်” - ဟု နမ့်ခမ်းမြို့ နိုင်ငံရေးပါတီမှ စိုင်းခမ်းလုံ က ပြောပါသည်။
ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးကျော်မြင့် ခေါ် Li Yongqiang ခေါ် Lihsaw Yong သည်မြန်မာစစ် တပ်အကြီး အကဲများနှင့် ကောင်းစွာဝင်ထွက်နိုင်သူတဦးဖြစ်ပြီးလက်ရှိတွင်နမ့်ခမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် လွှတ်တော်အမတ်တဦးဖြစ်သည်။ လွှတ်တော်အမတ်လောင်းဘဝ ကတည်းက ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင်ရန်အတွက် ၎င်း၏ညီ ဦးကျော်ထွေးအား တာဝန်ပေးအပ်ခဲ့သည်။ ရွှေလီမြစ်ဝှမ်းထွက် မူးယစ်ဆေး - ဘိန်းဖြူ ယာဘ ရ၅% ခန့်သည် ၎င်းညီအစ်ကိုမှ တိုက်ရိုက်ပတ်သက်သည်ဟု မြို့ခံများကပြောပါသည်။
“ပန်းဆေးပြည်သူ့စစ် ဦးကျော်မြင့်ဟာ တရုတ်ဘက်မှာရော မြန်မာဘက်မှာပါ အာဏာစက်တော်တော်ရှိတဲ့ လူတယောက်ဖြစ်တယ်။ တရုတ်ပြည်ကို ပြန်လည်ထောက်လှမ်းဖို့ မြန်မာအစိုးရက သူ့ကိုဘဲသုံးတာ။ ပန်းဆေးကျော်မြင့်လဲ သူ့လူတွေကို တ ရုတ်ဘက်လွှတ်ထားတာအများကြီး” ဟု ၎င်းနှင့် ရင်းနှီးသည့် လက်နက်ကိုင်အရာရှိတဦးက ပြောပါသည်။
“ရွှေလီမြစ်ဝှမ်းမှာ မူးယစ်ဆေးဝါး ဆိတ်သုဉ်းစေချင်ရင် ပန်းဆေးဦးကျော်မြင့်ကို ထိန်းသိမ်းပစ်ရမယ်လို့ အစိုးရ မူးယစ် ထောက်လှမ်းရေးအရာရှိတဦးက ထိပ်ပိုင်းခေါင်းဆောင်တွေကိုတင်ပြဖူးတယ်။ အဲဒါကို အထက်စစ် အရာကြီးတွေက နိုင်ငံတော် လုံခြုံရေးမှာ ပန်းဆေးဦးကျော်မြင့်ကို အသုံးပြုရဦးမယ်။ သူ့ကိုတော့ ဖမ်းဆီးထိန်း သိမ်းဖို့ မဖြစ်နိုင်သေးဘူးလို့ပြန်ပြောဖူးတယ်” ဟု အဆိုပါအရာရှိက Shan Drug Watch သို့ပြောပြဖူးကြောင်း ဦးခွန်စိုင်းက ပြောပါသည်။
၎င်းသည် ရှမ်းပြည်နယ်အစိုးရ လွှတ်တော်ရုံးရောက် ခေတ်သစ်မူးယစ်ရာဇာတဦးဟုလည်း သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့် ရေးအဖွဲ့မှ ၂၀၁၁ ခုနှစ် ထုတ်ပြန်သော Shan Drug Watch အစီရင်ခံစာတွင်ဖော်ပြထားပါသည်။
ရွှေလီမြစ်ဝှမ်းဒေသတွင် အရောင်းသွက်သည်ဟု သတင်းထွက်နေသည်မှာ WY စာတမ်းပါ ယာဘဆေးပြားမှာ အနီရောင်ဖြစ်ပြီး တရုတ်ယွမ်ငွေ ၁၀၀ လျှင် ဆေး ၁၀ ပြားမှ ၁၅ ပြားအထိရရှိကြောင်း၊ ထို့အပြင် 88 နှင့် 1 တဘက်စီ စာတမ်းပါ ယာဘဆေးပြားမှာ နီညိုရောင်ရှိကာ တရုတ်ယွမ်ငွေ ၁၀၀ လျှင် ဆေး ၆ ပြားမှ ၈ ပြားအထိရကြောင်း သုံးစွဲသူရွှေလီဒေသခံများကပြောပါသည်။ တရုတ်ငွေ တယွမ်လျှင် မြန်မာကကျပ်ငွေ ၁၄၀ ကျပ် ဝန်းကျင်ရှိသည်။