သံတွဲတွင် ညမထွက်ရအမိန့် ထုတ်သင့် မသင့် အငြင်းပွားလျက်ရှိ

သံတွဲတွင် ညမထွက်ရအမိန့် ထုတ်သင့် မသင့် အငြင်းပွားလျက်ရှိ
by -
မဇ္စျိမ

သံတွဲမြို့တွင် လက်ရှိအနေအထားအရ ညမထွက်ရအမိန့် ထုတ်သင့်မသင့် အငြင်းပွားနေကြကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၆ ရက်နေ့က သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ကျော့ပိုက် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးရာတွင် မန္တလေးတိုင်းအောက်ပိုင်းနှင့် ပဲခူးတိုင်းမှာ ကဲ့သို့ သံတွဲမြို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်လာဖွယ် ကော လာဟလများ ထွက်ပေါ်နေ၍ စိုးရိမ်ကာ အစည်းအဝေး တက်ရောက်သူ အများစုက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရန် အကြံပြု ဆုံးဖြတ်ကြသည်။

သို့သော် အစည်းအဝေး တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သံတွဲခရိုင် ဥက္ကဋ္ဌ ဦးဝင်းနိုင်ကမူ ထိုသို့ မာရှယ်လော ထုတ်မည့်အစား ဖြစ်လာချေ ပြဿနာများကို ညှိနှိုင်းဖြေရှင်းသင့်ကြောင်း သဘောထားရှိသည်။

“ပုဒ်မ ၁၄၄ ထုတ်တာဟာ ပြည်သူတွေကို စိတ်ဖိစီးမှု များစေတယ်ဗျာ။ တခါထုတ်ရင် အနည်းဆုံးနှစ်လလောက် ဒါနဲ့ သွားရမယ်။ ၁၄၄ ထုတ်မယ့်အစား မပြေလည်ဖြစ်နိုင်တာတွေကို နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေး အဖြေရှာသင့် တယ်လို့မြင်တယ်” ဟု အကြံပြုသည်။

အစည်းအဝေး ဆုံးဖြတ်ချက်အား ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားပြီး သံတွဲမြို့မှ တက်ကြွလှုပ်ရှားသူများက ညမထွက်ရအမိန့် မထုတ်ရေး လက်မှတ်ထိုး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။

“လက်ရှိသံတွဲဟာ အေးချမ်းတည်ငြိမ်နေပြီးတော့ ငပလီခရီးသွား လုပ်ငန်းလည်း အောင်မြင်နေတယ်။ ငါးလုပ်ငန်း လုပ်ကိုင်သူတွေလည်း ဒီရာသီမှာ စီးပွားရေးအရ တွက်ခြေကိုက်နေတယ်။ ဘာပြဿနာမှမရှိတဲ့ အနေအထားမှာ ညမထွက်ရအမိန့်ကို ထုတ်လိုက်ရင် အများပြည်သူ စားဝတ်နေရေးကို အကြီးအကျယ် ထိခိုက်သွားနိုင်တာမို့ ကျနော်တို့ ကန့်ကွက်နေရတာပါ” ဟု လက်မှတ်ထိုး လှုပ်ရှားမှု ခေါင်းဆောင်တဦးက ပြောသည်။

ကောက်ယူရရှိထားသောလက်မှတ် ၅၀၀ ခန့်ကို ပြည်နယ်ဝန်ကြီးချုပ်သို့ အင်္ဂါနေ့ ညနေတွင် ပေးပို့သွားမှာဖြစ်ပြီး သံတွဲတမြို့နယ်လုံး၌ ဆက်လက် ကောက်ခံသွားမည်ဟု ၎င်းက ဆိုသည်။

မည်သည့်ပြဿနာမှ မရှိဘဲနှင့် ရခိုင်ပြည်နယ်အစိုးရက သံတွဲကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခိုင်းလိမ့်မည် မဟုတ်ဟု မြို့တွင်း  တာဝန်ကျ လုံခြံုရေးတပ်ဖွဲ့ဝင်တဦးကလည်း မှတ်ချက်ပြုသည်။

ယမန်နှစ် ဇွန်လကလည်း ရခိုင်ဒေသ ပဋိပက္ခများကြောင့် သံတွဲ၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းပေးထားခဲ့သည်။