စစ်ပြေးဒုက္ခသည်များ နေရပ်မပြန်နိုင်သေး

စစ်ပြေးဒုက္ခသည်များ နေရပ်မပြန်နိုင်သေး
by -
မဇ္စျိမ

စစ်ရေး တင်းမာမှု လျှော့ချရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်များနှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) ခေါင်းဆောင်များ လားရှိုးမြို့တွင် ဆွေးနွေးခဲ့ကြသော်လည်း စစ်ပြေးဒုက္ခသည်များ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံနှင့် ကယ်ဆယ်ရေး ကော်မတီများထံမှ သိရသည်။

သံလွင်မြစ်ကြောင်းတလျှောက် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသ တဝိုက်တွင် မတ်လနှောင်းပိုင်းက နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားရာမှ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံနေခဲ့ရာမှ နယ်မြေ အေးချမ်းမှု မရှိသေးသည့်အတွက် မပြန်နိုင်ကြခြင်း
ဖြစ်သည်။

တန့်ယန်းမြို့ခံတဦးက “ဒုက္ခသည်တွေ လာနေတုန်းပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ၅ ရက်နေ့တုန်းက အစိုးရ စစ်ကြောင်းက လူထုကို ပေါ်တာဆွဲပြီးတော့မှ လှုပ်ရှားတယ်ပေါ့ဗျာ။ အဲဒီမှာ မိုင်းသွားနင်းမိပြီးတော့မှ အစိုးရတပ်ဘက်ကလည်း သေတယ်။ လူထုလည်း တယောက်သေသွားတယ်။ အဲဒီမှာ စစ်တပ်က ရွာဘက်ကို စက်သေနတ်နဲ့ ဆွဲတယ်။ အဲဒါကြောင့် ပြန်ဖို့ နေနေသာသာ ထပ်ရောက်လာတာပေါ့” ဟု ပြောသည်။

လားရှိုး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့် ရှိသူ ကိုစိုင်းလူ ကလည်း “အထက်ပိုင်းက ဆွေးနွေးမှုတွေ ရှိကြပေမယ့် မိုင်းထိတာလည်း ရှိတယ်။ နောက်တခုက စစ်တပ်က
ရေခပ်ခိုင်းတာတို့ ဘာတို့ ညာတို့ ရှိတဲ့အခါကျတော့ သူတို့ မပြန်ရဲသေးကြတာပေါ့လေ၊ ပြန်သွားတဲ့လူတွေ မရှိသေးဘူး” ဟု ပြောသည်။

မတ်လနှောင်းပိုင်းမှစကာ တိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်များတွင် ရှမ်း၊ ပလောင်နှင့် တရုတ်လူမျိုးများ ပါဝင်ပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်ကာ အမျိုးသားများနှင့် သက်ကြီးရွယ်အိုများမှာ နေရပ်တွင် ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ကူညီရေး ကော်မတီမှ တန့်ယန်းမြို့အတွင်း ပြန့်ကြဲနေသည့် စစ်ပြေးဒုက္ခသည်များကိုnလိုက်လံစု စည်းကာ လူဦးရေ ၄၂၀ ကျော်ကို အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင်စုပေါင်းနေရာ ချထားပေးပြီး လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ လူငယ်များ၊ သံဃာတော်များနှင့် SNLD မှ အကူအညီများ ပေးလျက် ရှိသည်ဟု ကူညီရေး ကော်မတီတွင် ပါဝင်သည့် ကိုစိုင်းလူ က ပြောသည်။

ယမန်နေ့တွင် လားရှိုးမြို့မှ ဆရာဝန်များက ကယ်ဆယ်ရေးစခန်းများသို့ ကျန်းမာရေး အခြေအနေများ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကလေး ၂၀၀ ကျော်အနက် အသက် ၂ နှစ်အောက် ကလေးငယ် ၄၅ ဦးတွင် အများစုမှာ ချောင်းဆိုးရောဂါ ဖြစ်ပွားလျက် ရှိပြီး၊ သုံးပုံ တပုံခန့်မှာ ဝမ်းလျှောရောဂါ စတင် ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်းလည်း သူက ပြောသည်။

ဒုက္ခသည်များသည် နေရပ်မှ အလျင်စလို ပြေးလွှားလာရသည့်အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ ဖျာ စသည့် အိပ်ရာအသုံးအဆောင် ပစ္စည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်လျက် ရှိသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလတွင် SSA စခန်းချရာ လွယ်လန်းဒေသမှ တပ်များ ရုပ်သိမ်းပေးရန် အစိုးရတပ်မှ တောင်းဆိုခဲ့ပြီး ထိုတောင်းဆိုချက်ကို SSA က လက်မခံကြောင်း ပြန်လည် အကြောင်းကြားပြီးနောက် အစိုးရတပ်က မိမိတို့အား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု SSA မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ရှိ ရွှေလီ ရိပ်သာတွင် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံစဉ်တွင်လည်း တပ်စခန်းများ ရုပ်သိမ်းပေးမည် မဟုတ်ကြောင်းကို SSA က အသိပေး ပြောကြားခဲ့သည်။

စစ်ပြေးဒုက္ခသည်များအတွက် ရေရှည်တွင် စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်သည့်အတွက် နေရပ်တွင် ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန်ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီသို့ တောင်းဆိုတင်ပြထားသော်လည်း တိကျသည့်အဖြေကို မရရှိသေးကြောင်းလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ဆက်ပြောသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၃ဝ ထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

Most read this week