တရုတ်ကုမ္ပဏီကိုဆန္ဒပြရန် မဒေးကျွန်းသားများအား အစိုးရ ခွင့်ပြုချက်ပေး

တရုတ်ကုမ္ပဏီကိုဆန္ဒပြရန် မဒေးကျွန်းသားများအား အစိုးရ ခွင့်ပြုချက်ပေး
by -
နိရဥ္စရာ

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိိန်း အဓိက တည်ရှိရာ ကျောက်ဖြူ မဒေးကျွန်း ဒေသခံများက တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် ရခိုင်ပြည်နယ် အစိုးရထံ ခွင့်ပြုချက်တင်ထားရာ ယခုအခါ အစိုးရမှ ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မဒေကျွန်း ဆိပ်ကမ်း တည်ဆောက်နေစဉ်။

ဦးဆောင် လူပ်ရှားရာတွင် ပါ၀င်သူ ဦးထွန်းကြည်အား ဖုံးထဲက တဆင့် မေးမြန်းစဉ် ခွင့်ပြုချက် ရရှိထားမူ အခြေ အနေကို ယခုလို နိရဥ္စရာသို့  ရှင်းပြ ပြောဆိုသည်။

“ ပြည်နယ် အစိုးရဆီက တိုက်ရိုက်ခွင့်ပြုချက်ကိုတော့ ကျွန်တော်တို့ လက်ခံ ရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျောက်ဖြူခရိုင် ရဲမှူးကြီးက ပြည်နယ်က ခွင့်ပြုချက်ပေးလိုက်ပြီ ဆိုပြီး အကြောင်းကြားလာတဲ့ အတွက် သိရှိရတာ ဖြစ်ပါတယ်” ဟု  ဆိုုသည်။

မဒေးကျွန်း ဒေသခံများက ဆန္ဒပြပွဲကို လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

“ ကျွန်တော်တို့က အမျိုးသား အင်အား ၂၀၀၊ အမျိုးသမီး အင်အား ၅၀၊ စုစုပေါင်း အင်အား ၂၅၀ တင်ထားပါတယ်။ အဲဒီနေ့မှာ မဒေးကျွန်း ဘုန်းတော်ကြီး ကျောင်းကနေ တရုတ်ကုမ္ပစီ CNPC ထိ ချီတက်ပြီး ဆန္ဒပြကြမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။

တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် စီစဉ်ရခြင်းမှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင်း ဒေသခံများ အတွက် ထိခိုက်နစ်နာမူများနှင့် အတူ ရပ်တည်ရေးပိုင်းကိုပါ ခြိမ်းခြောက်မူများ ရှိလာ၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ကျွန်တော်တို့မှာ လယ်ယာမြေတွေ အများကြီး ဆုံးရှံုးသွားပေမယ့် လျှော်ကြေးငွေ အပြည့်အဝ မရဘူး။ ဒါ့ပြင် ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာတဲ့ မြေတွေကို မြေလွှတ် မြေရိုင်းတွေဆိုပြီး အာဏာပိုင် အရာရှိကြီးတွေက သိမ်းယူသွားတယ်။ ပီးရင်သူတို့က တရုတ်ကုမ္ပဏီက ပိုက်ဆံတွေကို ထုတ်ယူသွားတယ်။ ဒေသခံတွေ အနေနဲ့ အဲဒီမြေတွေအတွက် လျှော်ကြေးငွေ တပြား တချပ်မှ မရဘူး။ ဒါတွေကို ကျွန်တော်တို့က ကန့်ကွက် ဆန္ဒပြ တောင်းဆိုသွားမယ်” ဟု ဆိုုသည်။

မဒေးကျွန်းပေါ်ရှိ ဒေသခံများ၏ ဘဝရပ််တည်ရေး ခြိမ်းခြောက်ခံနေရမူနှင့် ဆက်စပ်ပြီးလည်း သူက ယခုလို ပြောသည်။

“ ရပ်တည်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြောရရင် ကုန်းပေါ်မှာ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတော့ဘူး။ ရေထဲကျပြန်တော့လည်း ကျွန်တော်တို့ လုုပ်ကိုင် စားသောက်နေတဲ့ မဒေးကျွန်း တဝိုက် ရေပြင်မှာ ငါးမဖမ်းရဘူးဆိုပြီး တားမြစ်ထားတယ်။ လုပ်ကိုင် စားသောက်စရာ ကုန်းပေါ်မှာရော ရေထဲမှာရော နေရာ မရှိ ုဖြစ်လာတဲ့ အတွက် ကျွန်တော်တို့မှာ စားဝတ်နေရေး အထူးကျပ်တည်းလာတယ်။ ဒါတွေကို တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာ အာဏာပိုင်များနှင့် တရုတ်ကုမ္ပဏီ အရာရှိများသည် ဒေသခံများ တောင်းဆိုသော ကျွန်းပေါ်ရှိ ရွာဆက်လမ်းများအား ဖေါက်လုပ်ပေးမည်ဟု ကတိခံထားသော်လည်း ယခုအချိန်ထိ ပြုလုပ်ပေးခြင်း မရှိသလို ကျွန်းပေါ်ရှိ ကျေးရွာများအား လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ကျွန်းပေါ်တွင် တရုုတ်အရာရှိများ နေထိုင်သော တိုက်တာ အဆောက်အဦးများတွင် လျှပ်စစ်မီးများ ထိန်ထိန်လင်းနေသော်လည်း ဒေသခံ ရခိိုင်ပြည်သူများ နေထိုင်သော နေရာများတွင် မှောင်ကြီးကျကာ မိုက်မှောင်လျှက် ရှိနေသည်ဟု သိရသည်။

ယခု ပြုလုပ်မည့် ဆန္ဒပြပွဲတွင် ဒေသခံ ပြည်သူများက သူတို့ နစ်နာချက်များ၊ လိုလားချက်များကို ပိုစတာများ၊ ဆိုင်းဘုတ်များတွင် ရေးသားကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး တရုတ်ကုမ္ပဏီ ရုံးရှေ့ထိ ချီတက် ဆန္ဒပြသွားကြမည်ဟု သတင်း ရရှိသည်။

Most read this week