နိုင်ငံခြား ကုမ္ပဏီ၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ
ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ဇူလိုင်လတွင် စတင် အကောင်အထည် ဖော်သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူတဦး ဖြစ်သည့် စာရေးဆရာ ချစ်စံဝင်း က ပြောသည်။
ဆရာ ချစ်စံဝင်း က “အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျနော်တို့ ဘက်ကလည်း
ပြင်ဆင်ထားပြီးပြီ။ လွှတ်တော်မှာလည်းပဲ ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ။ ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း
ပြင်ဆင်ထားပြီးပြီ။ လာမယ့် သုံးလလောက်မှာ ဆယ်ဖို့ လုပ်ငန်းကို စနိုင်လောက်မယ်” ဟု ပြောသည်။
ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်္ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁၀ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့
တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုမ္ပဏီ တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။
၎င်းပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။
လက်ရှိတွင် နှစ်ပေါင်းလေးရာအတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ်ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာ
တွင် လိုအပ်သည့် အချက်အလက်များကိုလည်း စုဆောင်းထားသည်ဟု စာရေးဆရာ ချစ်စံဝင်း က ပြောသည်။
ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက်နစ်မြုပ်နေသည့် ပစ္စည်းများအား အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွားမည်ဟု သူက
ပြောသည်။
၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် သတင်း ဆောင်းပါးများကို ဖော်ပြမည့် လစဉ်ထုတ် ‘ဓမ္မစေတီ’ သတင်းဂျာနယ်တစောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး မေလဆန်းတွင် ပန်းမျိုးတရာ စာပေမှ ဖြန့်ချိသွားမည်
ဖြစ်ကာ ရှာဖွေရေး လုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP မှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တခုကိုလည်း ကျင်းပ သွားမည်ဟု သူက ဆက်ပြောသည်။
ခေါင်းလောင်း တည်ရှိသည့် နေရာအတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်းများစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက် ဆန်းကြယ်မှုများစွာ ရှိကြောင်း ဆယ်ယူရန် ကြိုးပမ်းခဲ့သူတို့က ယုံကြည်ကြသည်။
ယခုအကြိမ်တွင် သိပ္ပံနည်းကျ ရှာဖွေကာ ဆယ်ယူမည် ဖြစ်သော်လည်း ရိုးရာဓလေ့ထုံးတမ်းများကို ပစ်ပယ်မည် မဟုတ်ကြောင်း ယခင်အကြိမ်များက ခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်သည့် ချစ်စံဝင်း က ပြောသည်။
“ဒီဒေသမှာ ဘိုးဘိုးကြီးတို့ ယုံကြည်မှုတွေ အားလုံးကိုလည်း ကျနော်တို့ မပစ်ပယ်ဘူး။ နောက်ပြီးတော့ မွန်အမျိုးသား တွေရဲ့ အဓိကရ ယဉ်ကျေးမှုပစ္စည်း ဖြစ်တဲ့အခါကျတော့ မွန်ဓလေ့ထုံးစံတွေနဲ့လည်း တစွန်းတစမှ မရှိအောင် လိုက်နာဆောင်ရွက်သွားမယ်” ဟု သူက ပြောသည်။
ကိုယ်ပိုင် ငွေကြေး စိုက်ထုတ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ခေါင်းလောင်းကြီးကို သုံးကြိမ်တိုင် ရှာဖွေခဲ့သည့် အငြိမ်းစား ရေတပ် အရာရှိ ဦးစံလင်း ကမူ ယခုကဲ့သို့ နိုင်ငံခြား အကူအညီဖြင့် ခေါင်းလောင်းကြီးကိုရှာဖွေဆယ်ယူ ရန် ကြိုးပမ်းခြင်းသည် အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။
“ဘယ်လိုပဲဆယ်ဆယ် ဆယ်လို့ ရမယ် မထင်ဘူး။ မြန်မာ့နည်း မြန်မာ့ဟန် အဆင့်မြင့် နည်းပညာမှာ သီလ၊ သမာဓိ၊ ပညာ၊ ကတိ၊ သစ္စာ ဆိုတာ ရှိတယ်။ ဒါကို မသိရင် မရဘူး။ နိုင်ငံခြားသားဆို ဝေလာဝေး” ဟု ၎င်း၏ ယုံကြည်ချက်ကို
ပြောသည်။
ဦးစံလင်းသည် ၁၉၉၇ ခုနှစ်တွင် တကြိမ်၊ ၁၉၉၈ ခုနှစ်တွင် တကြိမ် ခေါင်းလောင်းကြီးကို ကိုယ်တိုင် ရေငုပ် ရှာဖွေခဲ့ပြီး ဒုတိယအကြိမ်တွင် ခေါင်းလောင်းကြီးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
သူ၏ အဆိုအရ ဒုတိယအကြိမ် ရှာဖွေစဉ်တွင် ရေအောက်ကြမ်းပြင်မှ ၂၅ ပေ အနက်၌ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အတိအကျ တွေ့ရှိခဲ့ပြီး ခေါင်းလောင်းကြီး အနီးတွင် အခြားခေါင်းလောင်းတလုံး၊ ပေါ်တူဂီ သင်္ဘောပျက် ၂ စီး၊ ဉာဏ်တော် ရ တောင် ကိုယ်စီရှိ ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ကျောက်သံ ပတ္တမြားများ ပါသည့် သေတ္တာ ၁၁ လုံးကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
၎င်းတို့ကို ဆယ်ယူရန်အတွက် ၂၀၁၀ ခုနှစ်တွင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်း ဦးစီးဌာနမှ အင်ဂျင် ပါဝါ ၁,၅၀၁ သို့မဟုတ် ၁,၀၅၂ ရှိ သောင်တူးစက်တစီးကို ငှားရမ်း အသုံးပြုခွင့် ပေးရန် တင်ပြခဲ့သော်လည်း အင်ဂျင် ပါဝါ ၁,၀၀၀ ရှိ သောင်တူးစက်ကိုသာ ရရှိသည့်ခဲ့အတွက် ၃ ရက်သာ တူးဖော်ပြီးနောက် ရပ်နားခဲ့ရသည်ဟု ဦးစံလင်းက ပြောသည်။
၎င်းပြင် ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ခွင့် ပြုရန်အတွက် နိုင်ငံတော် သမ္မတထံသို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ၅ ကြိမ်တိုင် တင်ပြခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း ဦးစံလင်း က ဆိုသည်။
မွန်ဘာသာဖြင့် ‘အပိန္နသော်’ ဟု အမည်ရှိသည့် ထိုခေါင်းလောင်းကြီးကို ကောဇာသက္ကရာဇ် ၈၅၁ ခုနှစ်၊ တပေါင်း
လဆန်း ၈ ရက်၊ ကြာသပတေးနေ့တွင် ဓမ္မစေတီမင်းက စတင်သွန်းလောင်းခဲ့ပြီး ၈၅၂ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်နေ့ (၁၄၉၁ ခုနှစ်) တွင် ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ရွှေတိဂုံစေတီတော်သို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ဓမ္မစေတီ ခေါင်းလောင်းသည် ပထမဆုံး
ခေါင်းလောင်း ဖြစ်ပြီး စောက် ၁၂ တောင်၊ ကြေးပိဿာချိန် တသိန်းရှစ်သောင်း (၂၉၀ တန်) ရှိသည်။
ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (၁၆၁၂ ခုနှစ်) တွင် သံလျင်မြို့စား ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို ခေါ် ငဇင်ကာ က ခေါင်းလောင်းကြီးကို အမြှောက်သွန်းလုပ်ရန် သန်လျင်သို့ သယ်ဆောင်စဉ်
ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ခဲ့သည်ဟု ဆိုသည်။
ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင်လည်း သြစတြေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ကမ်းလှမ်းခဲ့ဘူးသည်။