တောင်းဆိုချက်များ မလိုက်လျောက တရုတ်ကုမ္ပဏီကို မဒေးကျွန်းသားများ ဆန္ဒပြမည်

တောင်းဆိုချက်များ မလိုက်လျောက တရုတ်ကုမ္ပဏီကို မဒေးကျွန်းသားများ ဆန္ဒပြမည်
by -
မဇ္စျိမ

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေး အပါအဝင် တောင်းဆိုချက်များကို လိုက်လျောခြင်း မရှိပါက တရုတ် CNPC ရေနံကုမ္ပဏီအား ရခိုင်ပြည်နယ်၊ မဒေးကျွန်း ဒေသခံများက ဧပြီလ ၁၁ ရက်နေ့တွင်ဆန္ဒပြ မည်ဖြစ်ကြောင်း မဒေးကျွန်း ဒေသဖွံ့ရေး အသင်းက ပြောဆိုလိုက်သည်။

ဆန္ဒပြခွင့် ပထမအကြိမ် လျှောက်ထားခြင်းအား ကျောက်ဖြူမြို့နယ်မှ ပယ်ချခဲ့ပြီးသည့်နောက် ဧပြီလ ၅ ရက်နေ့ မနက်က စစ်တွေမြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် အယူခံလွှာတင်ခဲ့ကြောင်း ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းကြည် က ပြောသည်။

“ကျနော်တို့ ဆန္ဒပြခွင့်တင်တဲ့အခါ တောင်းဆိုချက် ၉ ချက်ပါတယ်။ ကုမ္ပဏီ တာဝန်ရှိသူတွေက တောင်းဆိုချက်တွေကို လိုက်လျောပေးပါ့မယ်၊ ဆန္ဒတော့ မပြပါနဲ့လို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဘာမှဖြစ်မလာခဲ့ဘူး။ ဒါကြောင့် ပြည်နယ်မှာ ဆန္ဒထုတ်ဖော်ခွင့် ထပ်တင်ရတာ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့က ဆန္ဒပြခွင့်ကို ကျောက်ဖြူမြို့နယ်အာဏာပိုင်များထံ တင်ပြခဲ့ပြီး အာဏာပိုင်တို့က တောင်းဆိုချက်များရရှိရေး ကြားဝင်ဖြေရှင်းပေးမည်ဟု ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဆိုခဲ့ခြင်းနှင့်အတူ ဒီဇင်ဘာ ၂၅ ရက်နေ့တွင်လည်း CNPC က မဒေးကျွန်း၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် တောင်းဆိုချက်များ ဖြည့်ဆည်းပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် သုံးလကျော်ကြာ စောင့်ဆိုင်းခဲ့သည့် တိုင် မည်သည့်အချက်ကိုမျှ လိုက်လျောပေးခြင်း မရှိခဲ့၍ ယခု အယူခံရကြောင်း ဦးထွန်းကြည် က ပြောသည်။

ဆန္ဒပြရာ၌ လူ ၂၅၀ ပါ၀င်မည်ဖြစ်ပြီး ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ လာမည့် ဧပြီ ၁၁ ရက်နေ့တွင် မဖြစ်မနေ ပြုလုပ်သွားတော့မည်ဟု ၎င်းက ဆိုသည်။

တောင်းဆိုထားသည့် အချက်များတွင် သိမ်းဆည်းမြေများ လျော်ကြေးပေးရေး၊ ဒေသ ဆိပ်ကမ်းများမှ ရွာများသို့ လမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင် ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးရေး၊ လျှပ်စစ်မီး ရရှိရေး၊ ရပ်ရွာ လုံခြံုရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ်
မြေသိမ်းမှုများ မပြုရေးတို့ ပါဝင်ကြောင်း သိရသည်။

မဒေးကျွန်းမှာ ကျောက်ဖြူမြို့၏ အရှေ့ဘက် ၈ မိုင် အကွာတွင် ရှိပြီး ကျွန်းပေါ်၌ ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည် ဟူသော ရွာ ၄ ရွာ တည်ရှိကာ လူ ၃,၀၀၀ ကျော်တို့ လယ်၊ ဥယျာဉ်ခြံ လုပ်ငန်းနှင့် ငါးဖမ်း လုပ်ငန်းဖြင့် အသက်မွေးကြသည်။

ထိုကျွန်းတွင် တရုတ်နိုင်ငံ CNPC ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ Punj Lloyd ကုမ္ပဏီများမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ဒေသခံတို့၏ လယ်မြေနှင့် ဥယျာဉ်ခြံမြေဧက ၁၀၀ ကျော်ကို သိမ်းဆည်းထားပြီး လျော်ကြေးငွေ အပြည့်အဝ ရရှိမှု မရှိသေးသလို ဒေသခံ အလုပ်သမား ၁၀၀ ခန့် ရှိသော်လည်း လုပ်ခမှာ အလွန်နည်းကြောင်း ရွာမရွာမှ အလုပ်သမား ဦးမောင်ခိုင်နု က ပြောသည်။

“ဒီစီမံကိန်း စရောက်ကတည်းက ကျွန်းပေါ်က ရွာလေးရွာ ပိုင်တဲ့ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေတွေကို သိမ်းတယ်။ လျော်ကြေးလည်း အပြည့်အစုံမရဘူး။ တချို့တွေဆို ခုထိ လျော်ကြေးငွေ တပြားမှ မရသေးတာ ရှိတယ်။ ငါးဖမ်းပြန်ရင်လည်း သူတို့လုပ်ငန်းခွင်နားမှာ မဖမ်းရတော့ အခက်ကြံုနေရတယ်။ လုပ်စရာမရှိလို့ သူတို့ဆီမှာ အလုပ်ဝင်လုပ်ပြန်ရင်လည်း လုပ်အားခကို နှိမ်ပြီးပေးတယ်” ဟု ဆိုသည်။

ယခင်က ဒေသခံများအား အလုပ် မပေးခဲ့သော်လည်း နောက်ပိုင်းတွင် အလုပ်သမား တရာခန့်ကို တနေ့လျှင် ၄,၀၀၀ ကျပ်ဖြင့် နေ့စား ချပေးခဲ့သည်။

အလုပ်ချိန်နှင့် လုပ်ငန်း အနေအထားအရ ထိုက်တန်သည့် လုပ်အားခ မဟုတ်သဖြင့် တနေ့လျှင် ရ၀၀ ကျပ် တိုးတောင်းကြရာ ကုမ္ပဏီက ပယ်ချခဲ့သည်။

“နိုင်ငံတကာမှာ စီမံကိန်း လုပ်တော့မယ်ဆိုရင် ဒေသခံတွေကို စီမံကိန်းနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ချပြရတယ်။ ဒေသခံတွေ သဘောတူညီမှု ရှိမှ လုပ်ငန်း စတင်ရတယ်။ SIA နှင့် EIA စစ်ဆေးမှုတွေ လုပ်ပြီးတော့မှ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ရှင်းပြရတယ်။ နစ်နာသူတွေကို လျော်ကြေး ပေးတာ၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးတာတွေကို စီမံကိန်း မစတင်မီကပင် လုပ်ဆောင်ပေးရ တယ်။ အခု ဒီမှာက စီမံကိန်း တချို့သာ ပြီးသွားတယ် လုပ်ဆောင်ပေးတာ မတွေ့ရဘူး” ဟု ရွှေ သဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုဝင်းအောင် က သုံးသပ်သည်။

CNPC ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းများကို မေလကုန်တွင် လက်စ သတ်မည် ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူ Mr.Chang Huan Lai က ယမန်နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရခိုင်ကမ်းလွန် ရေနံလုပ်ကွက် A-1 နဲ့ A-3 မှ ထွက်သော သဘာဝဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်မှ စပြီး နှစ်ပေါင်း ၃၀ တိုင် တရုတ်နိုင်ငံသို့ ရောင်းချထားရာ တနှစ်ကို သဘာဝဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနှင့်ရေနံစိမ်းစည် ၄ သိန်းခန့် တင်ပို့နိုင်မည်ဟု လည်း ၎င်းက ရှင်းပြခဲ့သည်။

ကီလိုမီတာ ၂,၈၀၀ ကျော် ရှည်လျားသည့် ပိုက်လိုင်းသည် ကျောက်ဖြူမှ အမ်း၊ မကွေး၊ မန္တလေး ပြင်ဦးလွင် နှင့် ရှမ်းပြည်နယ်ကို ဖြတ်ကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ သွယ်တန်းဖောက်လုပ်နေခြင်း ဖြစ်သည်။