SSA-N တပ်များ ထပ်ဆုတ်ပေးနိုင်မည်မဟုတ်ဟု ဆို

SSA-N တပ်များ ထပ်ဆုတ်ပေးနိုင်မည်မဟုတ်ဟု ဆို
by -
မဇ္စျိမ

ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူညီချက်အရ အခြေစိုက်နေထိုင်နေခြင်း ဖြစ်၍ အစိုးရ စစ်တပ်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-N တပ်စခန်းများကို ဆုတ်ခွာပေးရန် ပြောဆိုမှု လက်ခံမည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။

SSPP-SSAဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ)ရှိ ရွှေလီရိပ်သာတွင် အစိုးရ ဝန်ကြီးနှစ်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မဇ္စျိမကို ပြောသည်။

“စာချုပ်အတိုင်း ကျနော်တို့ ရောက်ရှိတဲ့နေရာမှာ အခြေချ နေထိုင်ထားတယ်။ ကျနော်တို့က ကားလမ်း တလျှောက်မှာ ဝင်ပြီး တိုက်တာလည်း မရှိဘူး။ ကျနော်တို့ စပြီးတိုက်တာ မဟုတ်ဘူး။ သူတို့က ကျနော်တို့ ရှိတဲ့နေရာကို ဝင်ရှင်းတယ်။

ဖယ်ခိုင်းတာမျိုးတွေ လုပ်တော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ အခု တိုက်ပွဲဖြစ်တိုင်း တပ်မတော်က စပြီး ဝင်တိုက်တာမျိုး
ဖြစ်နေတယ်။ အဲဒါ စဉ်းစားပေးဖို့ တင်ပြတယ်” ဟု ဗိုလ်မှူးစိုင်းလှ က ပြောသည်။

SSA-N အတွင်းရေးမှူး ဦးခွန်စိုင်း အပါအဝင် လေးဦး နှင့် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ ကြခြင်း ဖြစ်သည်။

မတ်လ ၂၅ ရက်နေ့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်တိုး က ရမခနှင့် ရလခ တိုင်းဌာနချုပ် ဆက်သွယ်သည့် လားရှိုး-တန့်ယန်း-မိုင်းရှုး ကားလမ်းလုံခြံုရေးအတွက် နယ်မြေ ရှင်းလင်းမည် ဖြစ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA-N ယာယီ တပ်စခန်းမှ ဆုတ်ခွာပေးရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဖယ်ပေးမယ်ဆိုရင်လည်း နေရာ မရှိတော့ဘူး။ ဆုတ်ပေးလို့လည်း မရဘူး။ ကျနော်တို့က ဘယ်နေရာမှ မရွှေ့နိုင်ဘူး။ ဒီနေရာမှာပဲ နေထိုင်ခဲ့တာ။ နောက် လက်နက်ကြီးနဲ့ ပစ်တော့ ရွာသားတွေ မနေရဲဘူး။ သူတို့ ရွာပြန်နေထိုင်ပေးဖို့၊ အဓိက စီစဉ်ပေးဖို့ သူတို့ အစိုးရတပ်တွေကို ထိန်းပေးဖို့၊ ထာဝရငြိမ်းချမ်းရေးကို လိုလားရင်တော့ သူတို့ အဲဒီနေရာကို ကွက်ပြီး စစ်ဆင်ရေး လုပ်စရာ မလိုဘူး” ဟု SSA-N ပြောခွင့်ရသူကပြောသည်။

ဆုတ်ခွာခိုင်းသော နေရာသည် SSA-N နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့၏ နှစ်ဖက် မဟာမိတ် ဆက်ဆံရေးလမ်းကြောင်း ဖြစ်နေပြီး ထိုလမ်းကြောင်းမှ ဒေသထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့သော အရေးကြီး ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည်ဟု ဆိုသည်။

“အရင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေလည်း သူတို့ နယ်မြေရှင်းတာတို့၊ ဟိုလုံခြံုရေး၊ ဒီလုံခြံုရေး အကြောင်းပြပြီးတော့ ကျနော်တို့ကို ဆုတ်ခိုင်းခဲ့တာလည်း များပြီ။ ခုလည်း အဲဒီနယ်မြေကို စိုးမိုးချင်တဲ့ သဘောမျိုး။ အဲဒီနေရာက ကျနော်တို့ တလျှောက်လုံးနေခဲ့တဲ့ နယ်မြေတွေပဲ။ ကျနော်တို့လည်း မရွှေ့ပါဘူး” ဟု ဗိုလ်မှူး စိုင်းလ က ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇူလှိုင်လဆန်းပိုင်းက SSPP က တန့်ယန်းမြို့နယ် ရ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်း နှစ်ခုကို ပြောင်းရွှေ့ပေးလိုက်ပြီး ၎င်းနေရာများတွင် အစိုးရ စစ်တပ်က အခိုင်အမာ တပ်စွဲထားလိုက်သည် ဟု ဆိုသည်။

ယမန်နေ့ တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တက်ရောက်မည်ဟု ဆိုထားသော်လည်း လာရောက်လာခြင်း မရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။

တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူ ဒေသခံ ရွာသားများနှင့် ပတ်သက်၍လည်း ယမန်နေ့ တွေ့ဆုံရာတွင်
ဆွေးနွေးတင်ပြခဲ့သည်။

တန့်ယန်းမြို့နယ်အရှေ့ဘက် ၁၀ မိုင်အကွာရှိ လွယ်စေးဒေသတွင် မတ်လအတွင်း နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ထိုဒေသအတွင်း ရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၁,၀၀၀ ကျော်မှာ တန့်ယန်းမြို့ရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေး ခိုလှုံနေရသဖြင့် လုံခြံုရေး စီစဉ်ပေးရန် တင်ပြခဲ့သည်ဟု သူက ဆက်ပြောသည်။

လွယ်စေးဒေသ အခြေစိုက် ခလရ တပ်ရင်း ၂၉၁ နှင့် ၃၃ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် SSA-N ကိုယ်စားလှယ်များ၏ တင်ပြချက်များကို သက်ဆိုင်ရာ တိုင်းဌာနချုပ်များနှင့် သမ္မတ ဦးသိန်းစိန်တို့ထံ တင်ပြပေးမည်ဟု ဝန်ကြီး ဦးခင်မောင်စိုးတို့က ပြောဆိုခဲ့ကြောင်း ဗိုလ်မှူးစိုင်းလှက ပြောသည်။