မတ်လမှ စ၍ ရခိုင်ပြည်နယ်အတွင်း ဆန္ဒပြမှုများ အပါအဝင် လတ်တလောမတည်ငြိမ်မှု ဖြစ်စဉ်များနှင့် ဆက်စပ်၍ ရခိုင်အမျိုးသား အနည်းဆုံး ၁၄ ဦး အရေးယူခံထားရကြောင်း ရခိုင်လူမှုကွန်ယက် တာဝန်ရှိသူများ က ဆိုသည်။
ဂွမှ ကိုရဲမင်းဦးနှင့် သံတွဲမြို့နယ်မှ ဦးထွန်းဝင်းနှင့် ဦးသန်းမောင်တို့မှာ အထိန်းသိမ်းခံအဖြစ် ရှိနေပြီး တောင်ကုတ်မှ ဦးမင်းထွန်း၊ ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး နှင့် ရသေ့တောင်မှ ဦးတိုးတိုး၊ ဦးသန်းဌေးတို့မှာ ရုံးတင် တရားစွဲဆိုခြင်း ခံနေရသည်။ စစ်တွေမှ ဦးကျော်ဇောဦး၊ ဒေါ်ညိုအေးနှင့် ကျောက်တော်မှ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေ၊ ဒေါ်တင်တင်အေး တို့မှာ ရဲစခန်းမှ အမှုဖွင့်ပြီး အာမခံဖြင့် လွှတ်ပေးထားကြောင်း သိရသည်။
မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသော ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးမှာ ရဲမှ ထိန်းသိမ်းထားခြင်းဖြစ်ပြီး ဧပြီလ ၄ ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံး၌ ရုံးထုတ်တော့မည်ဟု ရခိုင်လူယ်များအဖွဲ့ (AYO)မှ ကိုမောင်လေး က ဆိုသည်။
“ကျနော်တို့ကို မတ်လ ၃၁ နေ့ညမှာ ရဲက အသိပေးတယ်။ ကိုရဲမင်းဦးကို သူတို့ ထိန်းသိမ်းထားတယ်ပေါ့။ အခု အင်းစိန်ထောင် အဆောင် (၆)၊ အခန်း(ခ)မှာ ကျန်းကျန်းမာမာ ရှိတယ်။ ဘယ်ပုဒ်မနဲ့ အရေးယူထားတယ် ဆိုတာ ပြောမသွားဘူး” ဟု မဇ္စျိမကို ပြောသည်။
သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှ အထိန်းသိမ်းခံနှစ်ဦးနှင့် ပတ်သက်၍ ကမ်းခြေ လူမှုကွန်ယက်မှ ကိုစိန်ချစ်က “ကိုထွန်းဝင်းကို ဧပြီလ ၁ ရက်နေ့က ဖမ်းသွားတယ်။ ကိုသန်းမောင်ကိုကျတော့ ဧပြီ ၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ ခေါ်သွားတယ်။ အခု သံတွဲထောင်ချုပ်မှာ ထားတယ်။ သူတို့ကိုအမှုဖွင့်တာက ပုဒ်မ (၁၈)နဲ့ မဟုတ်ဘဲ ပိုင်နက်ကျူး လွန်မှုနဲ့ အမှုဖွင့်ထားတယ်။ ဆန္ဒပြမှုနဲ့ မဟုတ်ဘူး ဆိုတယ်။ နောက်ထပ် ဖမ်းဘို့ နှစ်ယောက် ကျန်သေးတယ် လို့လည်း ရဲက ကျနော့်ကို ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။
ထိုနှစ်ဦးအား တရားလိုဘက်မှ စွပ်စွဲတိုင်းတန်းရုံနှင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မတ်လ ၃၀ နေ့က ဂျိတ္တောရွာ၊ အမှတ်(၁၂) ရပ်ကွက်ရှိ ဒေါ်အမာနေအိမ်တွင် အမည်မသိ လူမျိုးခြားတချို့ ရောက်ရှိနေသည်ဟု ကြားသိရ၍ ရွာသားများက သွားရောက်စုံစမ်းရာ အိမ်ရှင်နှင့် အခြေအတင်ဖြစ်ခဲ့သည့် ရွာသားများအနက် ဦးထွန်းဝင်းနှင့် အမျိုးသမီးနှစ်ဦးကို ကျေးရွာရဲစခန်းမှ စစ်ဆေးခဲ့ရာတွင် သက်သေ ခိုင်လုံမှုမရှိသဖြင့်ပြန်လွှတ်ပေးခဲ့ပြီးသည့်နောက် မတ်လ ၃၁ တွင် ပြုလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှုတ်ထွက်ရေး ဆန္ဒပြပွဲအပြီးတွင် ယခုကဲ့သို့ ထပ်မံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကိုချစ်စိန် က ပြောသည်။
မတ်လအတွင်းက ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် စစ်တွေမှ နှစ်ဦး၊ ကျောက်တော်မှ လေးဦး၊ တောင်ကုတ်မှ သုံးဦး၊ ရသေ့တောင်မှ နှစ်ဦးတို့အား သက်ဆိုင်ရာမှ အရေးယူထားခဲ့ရာမှ ယခုအခါ တရားစီရင်မှု စတင်နေပြီဟု ရခိုင်လူမှုကွန်ယက်က ဆိုသည်။
၎င်းဆန္ဒပြမှုများမှာ နိုင်ငံသားစီစစ်မှု မရှိဘဲ ဒုက္ခသည်များ ပြန်လည်နေရာချထားမည် ဟူသည့်ကိစ္စ အပါအဝင် အငြင်းပွားဖွယ် လုပ်ရပ်များကို ကန့်ကွက်ထားပြီး စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊
တောင်ကုတ်၊ သံတွဲမြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“အစက ရဲက အမှုဖွင့်ပြီး အာမခံနဲ့ လွှတ်ပေးထားခဲ့တယ်။ အခု တောင်ကုတ် သုံးဦးနဲ့ ရသေ့တောင် နှစ်ဦးကို မြို့နယ်တရားရုံးတွေမှာ စတင် စွဲချက်တင်လိုက်ပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်။ လာမယ့် ရက်တွေမှာ တရားရင်ဆိုင်ရတော့မယ်” ဟု စစ်တွေ ရခိုင်လူမှုကွန်ယက် ခေါင်းဆောင် ဒေါ်ညိုအေး က ပြောသည်။
ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် ရသေ့တောင်မှ ဦးတိုးတိုးနှင့် ဦးသန်းဌေးတို့အား ဧပြီ ၁ ရက်နေ့တွင် လည်းကောင်း၊ တောင်ကုတ်မှ ဦးမင်းထွန်း၊ ဦးစိုးဝင်းနှင့် ဦးသန်းလွင်စိုးတို့အား ဧပြီ ၂ ရက်နေ့တွင် လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တရား ရုံးများတွင် ပုဒ်မ(၁၈)အရ တရားစွဲဆိုခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးကာ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ရုံးတင်စစ်ဆေးတော့မည်ဟု သိရသည်။