သျှမ်းပါတီပေါင်းစည်းရေးအတွက် ကျားဖြူပါတီမှ ကော်မတီဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ မည်သူက ဘာတာဝန်ဆိုတာကိုလည်း ခွဲဝေထားပြီးဖြစ်ကြောင်း ယမန်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးအပြီး ကျားဖြူပါတီဝင်များတွေ့ဆုံစဉ် ပါတီဥက္ကဌဖြစ်သူ စိုင်းအိုက်ပေါင်း က ပြောသည်ဟုသိရပါသည်။
“ဧပြီ ၂ ရက်မနေ့ကလုပ်တဲ့ အစည်းအဝေးမှာ စိုင်းအိုက်ပေါင်းက ညီနောင်တိုင်းရင်းသားပါတီ ရ ပါတီ ၁၀ ပါတီ နဲ့ပူးပေါင်းပြီးအကောင်းဆုံးဖြစ်အောင်လုပ်သွားဖို့ ပြောတယ်။ အဲဒီမှာ မိုင်းပန်က အမတ် ဦးမိုးကြည်က ထမေးတယ်။ သျှမ်းမှာက ၂ ပါတီ ၃ ပါတီဘဲရှိတယ် ဘာလို့ မပေါင်း နိုင်သေး တာလဲ - ဆိုတော့ ဥက္ကဌကြီးက လဲချားက အမတ် စိုင်းတင်ကိုကော ပါလေရော။ ဘယ်လိုလဲ ခင်ဗျားကို တာဝန် ပေးထားတာခုထိမလုပ်ရ သေး ဘူးလား ဘာညာပေါ့။ အဲတာနဲ့ စိုင်းတင်က - တာဝန်ပေးတယ်ဘဲပြောတာ။ ညွှန်ကြားမှု မှမပေးတာ- လို့ပြန်ဖြေတယ်။ ဂျန္နဝါရီလ တာချီလိတ်အစည်းအဝေးတုန်းက ကော်မတီ ၅ ဦးဖွဲ့ ထားတယ်လေ။ ကျားဖြူနဲ့ကျားခေါင်းပေါင်းစည်းရေး အတွက်ပေါ့နော်။ ကျနော်တို့ ကျားဖြူ ဒု-ဥက္ကဌ စိုင်းဆောင်ဆီက အဲ့ဒီမှာ ဥက္ကဌပေါ့” ဟု ကျားဖြူပါတီ၏ မိုင်းတုံမြို့နယ်အမတ် စိုင်းဝင်းမြတ်ဦးကပြောသည်။
ယမန်နေ့ ဧပြီလ ၂ ရက် ညနေ ၄ နာရီကကျင်းပသော ကျားဖြူပါတီ တွေ့ဆုံဆွေးနွေးပွဲ၌ ထိုကဲ့သို့ပြောဆိုမှုရှိ ခဲ့ခြင်းဖြစ် သည်။
နှစ်ဦးပိုင်းက တာချီလိတ်၌ကျင်းပသော ကျားဖြူပါတီ နှစ်ပတ်လည်အစည်းအဝေး၌ သျှမ်းပါတီများပူးပေါင်း ရေးအတွက် လှုပ်ရှားမှု ကော်မတီ ၅ ဦးကိုဖွဲ့စည်းလိုက်သည်။ ဦးစိုင်းဆောင်ဆီက ဥက္ကဌဖြစ်ပြီး အဖွဲ့ဝင်များ မှာ လဲချားပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင်၊ စဝ်ယွန်းပိုင်၊ မိုင်းကိုင်မြို့ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်နှင့် အမျိုးသားလွှတ်တော်အမတ် ဦးကျော်ဇောသန်းတို့ဖြစ်ကြောင်း စိုင်းဝင်းမြတ်ဦးကပြောပါသည်။
အဆိုပါ ကော်မတီ မဖွဲ့မီကလည်း ကျားဖြူပါတီစတင်တည်ထောင်ရာတွင်ပါဝင်သော စဝ်ဆိုင်မိန်းပါဝင် သည့်ကော်မတီ ၆ ဦးအဖွဲ့လည်း ဖွဲ့စည်းခဲ့ဖူးကြောင်း ဆိုပါသည်။ သို့သော် တာချီလိတ်နှစ်ပတ်လည် အစည်းအဝေးတွင် စဝ်ဆိုင်မိန်း တက်ရောက်ခြင်းမရှိသဖြင့် ကော်မတီ ပြန်လည် ဖွဲ့စည်းရာတွင်စဝ်ဆိုင်မိန်း ပါဝင်ခြင်းမရှိခဲ့ကြောင်း ယမန်နေ့အစည်း အဝေး တက်ရောက်သူများက သျှမ်းသံတော်ဆင့်အားပြောပြသည်။