ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း မီးလောင်မှုဖြစ်ပွားပြီးနောက် အသက်ရှူလမ်း ကြောင်း ဆိုင်ရာ ရောဂါနှင့် ၀မ်းရောဂါများ ဖြစ်ပွားလာပြီလို့ ကရင်နီကျန်းမာရေးဌာန ကပြောပါတယ်။
“တနေ့တနေ့မှာ လူနာအခြေအနေအရ ကြည့်ရင်တော့ OPD ဆေးခန်းမှာ လာအိပ်စရာမလိုတဲ့သိပ်မဆိုးရွား ဘူးဆိုတဲ့ ရောဂါတွေက ရ၀ ၀န်းကျင်လောက်မှာရှိတယ်။ အဲဒီလူနာတွေထဲမှာမှ ခပ်များများတွေ့ရတာက အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ဟာ မီးခိုးကြောင့်လာ၊ ဖုံမှုန့်တွေ ကြောင့်လာ၊ လေယာဉ်ပျံတက်ဆင်းလို့ အဲဒီအငွေ့တွေကြောင့်လာ လောလောဆယ်ဆယ် နှာစီးချောင်းဆိုး၊ တချို့ကလည်း လည်ချောင်းနာတာ နည်းနည်းလောက်တော့ စနေပြီ” - လို့ ကရင်နီကျန်းမာရေးဌာန က ဒုတိယ ညွန်ကြားရေးမှူး စောထူးထူးဂေ ကပြောပါတယ်။
တနေ့လျှင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပြသမှုမှာ ပျမ်းမျှအားဖြင့် ၂၅ ယောက်ဝန်း ကျင် လောက်ရှိပြီး ၀မ်းရောဂါ ပြသမှုမှာ ၁၀ ယောက်ဝန်းကျင်လောက် ရှိပြီး ရှေ့ဆက်တွင် ၅ နှစ်အောက် ကလေးငယ်တွေ အထဲမှာမှ အာဟာရချို့တဲ့ တဲ့ကလေး၊ အားနည်းတဲ့ ကလေး တွေ ပိုခံစားရနိုင်ဖွယ် ရှိတယ်လို့လည်း စောထူးထူးဂေက ပြောပါတယ်။
“လူကြီးပိုင်းကတော့ သူ့ခံနိုင်ရည်နဲ့ သူ့ဝမ်းရောဂါကို သူလာပြဖို့ထက် သူပြန်လည်တည် ထောင်ဖို့ သူအလုပ် လုပ် ရအုံးမယ်။ အဲဒါကြောင့်မို့လို့ ဒီအတွက် နည်းနေလားလို့ တခုကျတော်တို့ ထင်ရတယ်။ ဒါပေမယ့် ကလေးကတော့ ၀မ်းသွားတာနဲ့ လာပြကြတယ်”
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမှာ ၀မ်းရောဂါထက် ဖြစ်ပွားနေပေမယ့် ၀မ်းရောဂါ ဖြစ်ပွားမှုကိုတော့ နောက်ပိုင်း ကပ်ရောဂါဖြစ်ပွားလာမှာကို ပိုပြီး စိုးရိမ်ရတယ်လို့ စောထူးထူး ဂေက ဆက်လက် ပြောကြားသွား ပါတယ်။
“စိုးရိမ်စရာကတော့ ဒီထက်ရက်များလာမယ်ဆိုရင် ကျတော်တို့ နေရာကလည်း အတည်တကျ မရှိတော့ အလေးစွန့် အပေါ့စွန့်တဲ့ဟာတွေ မသေချာသေးတော့ ၀မ်းရောဂါပိုဖြစ်လာမှာကို စိုးရိမ်ရတယ်”
ယခုလောလောဆယ် ကလိုရင်းခတ်ထားတဲ့ ရေရရှိနိုင်ဖို့နဲ့ အိမ်သာတွေ ကောင်းကောင်း စနစ်တကျ ရှိနိုင်ဖို့ အလောတကြီးလုပ်ဆောင်နေပြီး မီးလောင်ထားတဲ့ လူနာရှင်တွေကိုလည်း မီးမလောင်တဲ့ ရပ်ကွက် ၃ ဘက်ကို ပြောင်းရွှေ့နိုင်ဖို့ TBBC နဲ့ UNHCR တို့ ဦးဆောင်ပြီး ရပ်ကွက် ၃ ရှိ စာသင်ကျောင်းနဲ့ဘော်လုံးကွင်း တွေမှာ ရွက်ဖျင်တဲတွေ ထိုးပေးတာတွေလည်း စီစဉ်နေကြပါပြီ။
မီးလောင်မှုအတွင်းတွင် ဆေးပစ္စည်းများအပြင် စာရွက်စာတမ်းနှင့် ဆေးခန်းတခုလုံးလည်း မီးလောင်သွား ခဲ့ပါတယ်။ စခန်း ၂ မှ ဆေးမှူးအားလုံးနီးပါးရဲ့ အိမ်တွေက မီးလောင်မှုအထဲမှာ ပါသွားလို့ စခန်း ၁ ကဆေး မှူး ၄ ယောက်နဲ့ ကျန်ဝန်ထမ်း ၄ ယောက် ခေါ်ယူရပြီး အိုင်အာစီ ကလည်း ဒေါက်တာတယောက်နဲ့ သားဖွား ဆရာမတယောက်က အလှည့်ကျအနေနဲ့ ညစဉ် လာအိပ်ပေးနေပါတယ်။