ကျေးရွာအုပ်ချုပ်ရေး နှုတ်ထွက်ပေးရန် သံတွဲအမျိုးသမီးများဆန္ဒပြ

ကျေးရွာအုပ်ချုပ်ရေး နှုတ်ထွက်ပေးရန် သံတွဲအမျိုးသမီးများဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိတ္တောကျေးရွာအုပ်ချုပ်ရေးမှူးအား နှုတ်ထွက်ပေးရန် ယနေ့ နံနက်ပိုင်းက အမျိုး သမီးများ ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီကျော်တွင် ဂျိတ္တော ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ရှေ့ မှ ဂျိတ္တောရဲစခန်းရှေ့ထိ အမျိုးသမီးအများစုအပါအဝင် လူပေါင်း ၃၀၀ ကျော်ခန့်က လမ်းလျှောက် ချီတက်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုရာတွင် ပါ၀င်သည့် အမျိုးသမီးတစ်ဦး က နိရဥ္စရာ သို့ ပြောသည်။

“ ကျွန်မတို့ ဂျိတ္တောရွာမှာ ဂါမ ပညတ်အရ (ကျေးရွာစည်းကမ်း) ဗုဒ္ဓဘာသာများသာ နေထိုင်ခွင့် သတ်မှတ်ထား ပါတယ်။ အဲဒါကို သံတွဲ ခြံပြင်ရွာက မူဆလင်အမျိုးသမီး တစ်ဦးက တခြား အမျိုးသား တစ်ဦးနဲ့ လာရောက်နေထိုင် တာကို အုပ်ချုပ်ရေးမှူးကို နေခွင့်မပြုပါနဲ့လို့ ရွာသားတွေက ပြောပေ မယ့် အုပ်ချူပ်ရေးမှူးက ခွင့်ပြုထားပါတယ်။ အဲဒါကို မကျေနပ်လို့ ခုလိုဆန္ဒပြတောင်းဆိုရတာ ဖြစ်ပါတယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလူလေးအား ကျေးရွာသားများက အဆိုပါ မူဆလင်အမျိုးသမီးကို ကျေးရွာတွင် နေ ထိုင်ခွင့်မပြုရန် တိုင်ကြားသော်လည်း တစုံတရာ လုပ်ဆောင်ပေးခြင်းမရှိသဖြင့် မတ်လ ၂၉ ရက်နေ့က တကြိ်မ်၊ မတ်လ ၃၀ ရက်နေ့တွင် တကြိမ် ကျေးရွာသားများက မူဆလင် အမျိုးသမီးအား နှင်ထုတ်ခဲ့့သည်ဟု ဆိုသည်။

“ ကျွန်မတို့ အုပ်ချုပ်ရေးမှူးကို မူဆလင်အမျိုးသမီးကို ကျေးရွာက နှင်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ အုပ်ချုပ် ရေးမှူးက ဘာမှ မလုပ်ပေးတဲ့အတွက် ၂၉ ရက်နေ့ကတကြိမ်၊ ရွာသားတွေက ၀ိုင်းဝန်း နှင်ထုတ် ခဲ့ပါတယ်။ နောက် ၃၀ ရက်နေ့မှာ အဲဒီ ဘင်္ဂလီအမျိုးသမီးက ဓါတ်ဆီတွေ ယူလာပြီးတော့ ရွာကို ပြန်ဝင်လာတယ်။ နောက် တကြိမ် နှင်ထုတ်လိုက်ကြပါတယ်။ အဲဒီနေ့  ည ၁၂ နာရီကျော်မှာ သံတွဲမြို့မ ရဲစခန်းက လာပြီးတော့ သံသယ ရှိတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အဲဒီ နံနက်မှာဘဲ လူ ၂၀၀ နီးပါး က ရဲစခန်းကို သွားပြီး ချက်ချင်း ပြန်လွှတ် ပေးဖို့ တောင်းဆိုတဲ့အ တွက် ပြန်လွှတ်ပေးလိုက်ပါတယ်။”

ယခုကဲ့သို့ ရဲစခန်းမှ လာရောက်ဖမ်းဆီးခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ မဟုတ်မမှန် သတင်းပေး၍ ဖြစ်ရသည် ဟုဆိုကာ ကျေးရွာလူထုမှ ကျေးရွာ တည်ငြိမ် အေးချမ်းရေးကို မကြည့်ဘဲ ကျေးရွာ ဆူပူအောင် နစ်နာအောင်  ပြုလုပ်သည်ဟု ခံယူကာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို နှုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။

ဆန္ဒပြရတွင် “ဘင်္ဂလီအလိုတော်ရိ အုပ်ချုပ်ရေးမှူး အလိုမရှိ ” ” မော်လဝီလူလေး နှုတ်ထွက်ပေး ” “ကျေးရွာ လူထုကို ကိုယ်စားမပြုသော အုပ်ချုပ်ရေးမှူး အလိုမရှိ ” “ကျေးရွာလူထုကို နှောင့်ယှက်နေသော အုပ်ချုပ်ရေး မှူး အလိုမရှိ ” “ရခိုင်ပြည်ကို ရခိုင်လူမျိုးလောက် မည်သူမျှ မချစ် ” အစရှိသော ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆန္ဒဖေါ်ထုတ်ပွဲကို အုန်းဆံကြိုးစက်ရုံအနီးမှ စတင်ပြီး အုပ်ချုပ်ရေးမှူး အိမ်ရှေ့နှင့် ဂျိတ္တော ရဲစခန်း ရှေ့ထိ ငြိမ်းချမ်း စွာ ချီတက် ဆန္ဒပြခဲ့ကြပြီး လူအုပ်စုကြီးသည် မြပြင်ကျေးရွာ အထိ ချီတက် ခဲ့ကြသည်ဟု သိရသည်။

Most read this week