ရှမ်းမြောက်တွင် KIA နှင့် တိုက်ပွဲပြင်းထန်

ရှမ်းမြောက်တွင် KIA နှင့် တိုက်ပွဲပြင်းထန်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ဒေသရှိ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ ဂန်မိန်းဒေသ ကောင်းဝွေဘွမ် (Kawng Woi Bum) သို့ အစိုးရတပ်က ထိုးစစ်ဆင် လာသောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်အရှေ့ဘက်ရှိ ကွန်လုံ၊ နမ်ဂျရပ်ရှိ မြန်မာအစိုးရတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်မှ KIA တပ်ရင်း (၁၇) ရှိရာသို့ မတ်လ (၂၈) ရက်နေ့က ထိုးစစ်လာခဲ့ရာ နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီခန့် အထိ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။

“ပစ်ရင်းပစ်ရင်းနဲ့ ၁၂ နာရီထိဖြစ်သွားတယ်။ သူတို့ဖယ်သွားရင်တော့ ဘာမှဖြစ်စရာမရှိဘူး။ သူတို့ပြန်ထိုးလာရင်တော့ ဆက်ပြီးတော့ဖြစ်မှာပဲ။ ကျနော်တို့ဘက်က သူတို့ရှိတဲ့နေရာမှာ တမင်သွားတိုက်တာ မရှိဘူး။ သူတို့လာလို့ဘဲ ပစ်ခတ်မှုကဖြစ်လာတာ။”

ဆက်လက်၍ “ဒီနေ့သူတို့ဘက်က အရမ်း ထိခိုက်မယ်။ ငိုတဲ့သူတွေ အော်တဲ့သူတွေနဲ့ ညည်းငြူတဲ့ အသံတွေကြားနေရတယ်။ အားလုံး နမ်ဂျရတ် ဘက်ပဲ ပြန်ဆုတ်သွားတယ်။ အရမ်းဝေးတဲ့နေရာတော့ မပြေးလောက်ဘူး” ဟုလည်း ဆိုသည်။

ယမန်နေ့ တိုက်ပွဲတွင် အစိုးရတပ်မှ ထိခိုက်ကျဆုံးမှုများပြီး KIA တပ်ဖွဲ့ဝင်များဘက်မှ တစုံတရာ ထိခိုက်မှု မရှိကြောင်း KIA ဖက်က ပြောဆိုသော်လည်း ယင်းကိစ္စ သီးခြား အတည်ပြုချက် မရသေးပါ။

လောလောဆယ်တွင် မုံးကိုးဒေသရှိ စင်လီ(၆၉) အဖွဲ့နှင့် ထန်ဆီ ဦးဆောင်သည့် ကွတ်ခိုင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် အင်အား (၇၀) ခန့်သည် ပန်ဆိုင်းမြို့နယ် အတွင်းရှိ လူလီနှင့် ခလဲန် ကျေးရွာ များသို့ ရောက်ရှိနေပြီး ဒေသခံ များ၏ အိမ်မွေး တိရိစ္ဆာန်များကို ယူငင် စားသောက် နေကြောင်း KIA အရာရှိက ပြောဆိုသည်။

“အိမ်ဆိုင်ခန်းထဲဝင်ပြီး ကြိုက်သလိုယူ မွှေနှောက်ပြီးတော့ စိတ်ကြိုက်လုပ်နေတယ်။ အိမ်တအိမ်မှာက ပိဿာ ၃၀ ရှိတဲ့ ဝက်ကို ပစ်သတ်စားပေးတယ်။  ပြည်သူတွေက ပိုက်ဆံမတောင်းရဲပဲ ကြောက်ပြီးထွက်ပြေးနေရတယ်” ဟု ဆိုသည်။

သို့သော် ယင်းကိစ္စ အတည်ပြုချက် ရနိုင်ရန် ဒေသခံများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

လောလောဆယ် ကွန်လုံ ဘက်တွင် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၁၄၇၊ ၁၀၅၊ ၁၄၅ နှင့် ၂၉၀ တပ်ရင်းများ ရောက်ရှိနေပြီး KIA တပ်ရင်း (၁၇) အနီး တပ်အင်အား (၃၀၀) ကျော် ရောက်ရှိနေကြောင်း သိရသည်။

Most read this week