စစ်ပြေးဒုက္ခသည်များ ထောက်ပံ့ရေး လမ်းဖွင့်ရန် လူ့အခွင့်အရေး ကော်မရှင် တိုက်တွန်း

စစ်ပြေးဒုက္ခသည်များ ထောက်ပံ့ရေး လမ်းဖွင့်ရန် လူ့အခွင့်အရေး ကော်မရှင် တိုက်တွန်း
by -
မဇ္စျိမ

ကချင်ပြည်နယ်အတွင်း စစ်ပြေး ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့နိုင်ရေး အတွက် လမ်းဖွင့်ပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက် သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပနေစဉ် ကာလအတွင်း စစ်ပြေးဒုက္ခသည်များ ခံစားနေရသည့် ဒုက္ခများ လျော့ပါးစေရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို အထောက်အကူ ဖြစ်စေရေးအတွက် ကော်မရှင်၏ အကြံပြုချက်များကို ဦးစားပေး အကောင်အထည် ဖော်သင့်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောသည်။

“အရင်က တိုက်တွန်းခဲ့တဲ့ အချက်တွေက ကျန်နေတာလေးတွေ ရှိလို့။ အချိန်နဲ့တပြည်းညီ ဆောင်ရွက်ပေး စေလိုတဲ့ ဆန္ဒနဲ့ ကျနော်တို့ ပြန်ပြီး တိုက်တွန်းတဲ့သဘော။ အဓိကက လူသားချင်း စာနာထောက်ထားတဲ့ အထောက်အပံ့တွေ ကို ပို့ဖို့ အန္တရာယ်ကင်းတဲ့ လမ်းကြောင်းလေးတခု ဖွင့်ပေးပါ” ဟု မဇ္စျိမကို ပြောသည်။

သောကြာနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် ကော်မရှင်၏ ကြေညာချက်တွင်လည်း ဒုက္ခသည်များ ရပ်ရွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် မိုင်း ရှင်းလင်းရေး ပြုလုပ်ရန်လိုအပ်ပြီး ရွာသားများကို မိုင်းအသိပညာ ပေးသင့်ကြောင်းနှင့် ကျေးရွာသားများအား လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း မပြုရန်နှင့် တပ်သားသစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။

ဗန်းမော်-မြစ်ကြီးနား ကားလမ်း ပြန်လည် ဖွင့်လှစ်ခြင်းသည်လည်း လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ပြောင်း လဲမှု တခုဖြစ်သည်ဟု ဦးစစ်မြိုင် က ဆိုသည်။

၂၀၁၂ ခုနှစ် ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်များမှာ ၂၀၁၁ ခုနှစ်အတွင်း ပမာဏထက် သိသိသာသာ လျော့နည်းသွားသည်ဟု ၎င်းက ပြောသည်။

“ကျနော်တို့ဆီ တိုင်စာတွေထဲက လက်လမ်းမီသလောက် ဖြေရှင်းတယ်။ ဗန်းမော်က ကျေးရွာတရွာမှာ ပြည်သူပိုင် ပစ္စည်းတွေ ဆုံးရှုံးသွားတဲ့ကိစ္စ၊ ဗန်းမော်-မြစ်ကြီးနားလမ်း ကျေးရွာ ရွာသားတဦးပိုင်တဲ့စျေးဆိုင် မှာ ဆုံးရှုံးသွားတဲ့ ကိစ္စတွေက ကျနော်တို့ ဝင်ညှိနှိုင်းပေးတဲ့အခါမှာ တပ်မတော်က ဖြေရှင်းပေးတာ တွေ့ပါတယ်။ ထိုက်တန်တဲ့ လျော်ကြေး ပြန်ပေးပါတယ်” ဟု ပြောသည်။

အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မတရား ဖမ်းဆီးခံရ သူများ အပါအဝင် အခြား လူ့အခွင့်အရေး ချိုးဖောက်မှု ကြံုတွေ့ရသူများဘက်မှ ထိုကော်မရှင်သို့ အနည်းဆုံး ၁၀ မှုခန့် တိုင်ကြားခဲ့သော်လည်း ယနေ့ထိ မည်သို့မျှ ပြန်လည် လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူများဘက်မှ ဥပဒေ အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးမာခါး က ပြောသည်။

“လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် ဘာမှ မလုပ်ပေးဘူး။ ဒီလို အကူအညီ တောင်းတာတွေ ကိုလည်း အာဏာပိုင်တွေက ဥပေက္ခာ ပြုထားတယ်။ ကျနော် သိသလောက် ကော်မရှင်ဘက်က တခုမှ အကျိုးရှိအောင် လက်တွေ့ ဖော်ထုတ်ပေးတာ မရှိဘူး။ သူတို့ဘက်က လက်ခံထားတာပဲရှိတယ်” ဟု မဇ္စျိမကို ပြောသည်။

ကော်မရှင်မှ အတွင်ရေးမှူး ဦးစစ်မြိုင်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက သွားရောက်ခဲ့ပြီး စစ်ပြေးဒုက္ခသည်များ၊ အစိုးရစစ်တပ်မှ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသူအချို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။  

ထိုလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက အငြိမ်းစား သံအမတ်ဟောင်း၊ အစိုးရ ဝန်ထမ်းဟောင်းများ အပါအဝင် ၁၅ ဦးပါဝင်သော လွတ်လပ်သည့် ကော်မရှင်အနေဖြင့် ရပ်တည်ရန် စတင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ထံ တိုင်ကြားလာသော အမှုများကို စိစစ်ဆောင်ရွက်ရန် ခိုင်လုံသည့် အထောက်အထား များအား သက်ဆိုင်ရာ ဌာနအလိုက် အဆင့်ဆင့်ဖြေရှင်းပေးမည် ဟု ဆိုသည်။

Most read this week