ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားချက် ငြင်းပယ်ခံရ

ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားချက် ငြင်းပယ်ခံရ
by -
ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ်တွင် အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်နေမှု ကိစ္စနဲ့ပတ်သက်လို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ပြုမိန့်လျှောက်ထားချက်ကို ယမန်နေ့က ငြင်းပယ်လိုက်ပြီ ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ငြင်းပယ်သည့် အမိန့်( အမှတ်စဉ် ၊ ၁ / ၂၀၁၃) ဖြင့် အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ခွင့်ပြုမိန့်လျှောက်ထားသည့် ဆရာဦးသဲရယ်က "ပြည်နယ်အစိုးရအနေနဲ့ ကျနော်တို့ကို စဉ်းစားပေးမယ်လို့ သူပြောထားခဲ့တယ်။ နောက်ဆုံးတော့ ဒီမိတ္ထီလာမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခကြောင့် ဒီလွိုင်ကော်မှာလည်း ကူးစက်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧပြီလ ၁ ရက်နေ့ ဒီအစီအစဉ်ကို ပြန်ရွှေ့ခိုင်းလို်က်တယ်။ အဲဒီနေ့မှာ ကျနော်တို့တင်ထားတဲ့ ခွင့်ပြုမိန့်စာကို ပယ်ချလိုက်တယ်" လို့ ပြောပါတယ်။

လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးထံ မတ်လ ၂၂ ရက်နေ့က ခွင့်ပြုမိန့် တင်ထားတာဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ် ပွဲကိုတော့ ထပ်မံပြုလုပ်ဖို့ ဆုံးဖြတ်ထားကြောင်း ဆက်လက်အယူခံ ဝင်ဖို့ရှိကြောင်း ဆရာသဲရယ်က ဆက်ပြောပါတယ်။

စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မယ့်နေ့ကို ဧပြီလ ၁ ရက်နေ့တွင် လျှောက်တင်ထားတာဖြစ်ပြီး အဓိက အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းကို ပြန်ရုတ်သိမ်းဖို့၊ လယ်ယာမြေ သိမ်းဆည်းမှုတွေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရပ်တန့်ပေးဖို့ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်လို့ ဆန္ဒဖော်ထုတ်ဖို့ လျှောက်တင်ထားတာ ဖြစ်ပါတယ်။

အမိန့်စာထဲတွင် ငြင်းပယ့်သည့် အကြောင်းအရင်း ၄ ချက်ဖော်ပြထားပါတယ်။ မိတ္ထီလာမြို့တွင် ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ်နေခြင်း၊ ၂၃ ရက်နေ့တွင် ရမည်းသင်းမြို့နယ်တွင် လူစုလူဝေးဖြင့် မီးရှို့မှုများဖြစ်ပွား ခဲ့ခြင်း၊ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အကြမ်းဖက်မှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့မှုများ ရှိနေခြင်း၊ လွိုင်ကော်မြို့ပေါ်တွင် အစ္စလာမ်ဘာသာ ဝင်များနေထိုင်လျက်ရှိသည့်အပြင် ဆွေမျိုးညာတကာ သဘောအရ ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် ဒေသနှင့် အနီးတဝိုက်၌ ဘာသာတူသူများပါ လာရောက်တည်းခို နေထိုင်မှုများ ရှိကြောင်း စိစစ်တွေ့ရှိရခြင်းအရ လက်ရှိဖြစ်ပွားနေသည့် ပြဿနာများသည် မိမိဒေသသို့ ကူးစက်လာနိုင်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်းမွန်တည်ငြိမ်မှုကို ထိခိုက်နိုင်သည်ဟု ယုံကြည်ရခြင်း ဆိုပြီး လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲမှူးရုံးက ထုတ်လိုက်တဲ့ အမိန့်စာထဲမှာ ဖော်ပြထားတာပါ။