မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ကချင်ဒုက္ခသည် ရံပုံငွေ စျေးရောင်းပွဲတော် ပြုလုပ်

မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ကချင်ဒုက္ခသည် ရံပုံငွေ စျေးရောင်းပွဲတော် ပြုလုပ်
by -
ကချင်သတင်းဌာန

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေသည့် စျေးရောင်းပွဲတော်တခု ကွာလာလံပူမြို့ရှိ Chinese Assembly Hall တွင် ယနေ့ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

မလေးရှားစံတော်ချိန် ၁ နာရီမှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပါ၀င်ဖွဲ့စည်းထား သည့် တိုင်းရင်းသားအဖွဲ့စည်းချုပ် (Coalition of Burma Ethnics Malaysia) မှ ဦးဆောင်ကာဒုက္ခသည်များ အတွက် လူမျိုးအသီးသီးမှ မိမိတို့ရိုးရာဓလေ့ အကများ အစားအစာများဖြင့် ပါ၀င်ခဲ့ခြင်းဖြစ်သည်။

အစီစဉ်တွင် ဒုက္ခသည်များ၏ ဓါတ်ပုံပြခန်းနှင့်အတူ တိုင်းရင်းသား အသီးသီးတို့သည် မိမိတို့ရိုးရာ အကပဒေသာများနှင့် ရိုးရာအစားအစာများ ချက်ပြုတ်ရောင်းချကာ ဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေခဲ့သည်ဟု ၎င်းပွဲကော်မတီမှ အဖွဲ့ဝင် ကိုလဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစားအစာလည်း ကိုယ့်ရိုးရာအစားအစာ ကိုယ်ရောင်းကြတယ်။ ကရင်လည်း ကရင်အစားအစာ၊ မွန်လည်းမွန်အစားအစာ၊ ကချင်လည်း ကချင်အစားအစာ အမျိုးမျိုးရောင်းကြတယ်။ ဒီနေ့လုပ်တဲ့ပွဲက အရမ်းလည်း အောင်မြင်တယ်လို့ပြောရမယ်” ဟုဆိုသည်။

အဆိုပါအစီစဉ် ပြုလုပ်ခြင်းသည် စစ်ပြေးဒုက္ခသည်များ ခံစားရသောဒုက္ခများကို အခြားတိုင်းရင်းသား များလည်း ထပ်တူခံစားရကြောင်းနှင့် ခက်ခဲကြမ်းတမ်းသည့် နိုင်ငံရေးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားအားလုံး စိတ်သဘောထား တူညီစွာဖြင့် အတူတကွရှေ့သို့ လက်တွဲသွားရန် ရည်ရွယ်သည်ဟု ပြောသည်။

“အားလုံးလည်း သဘောထား ညီညွှတ်မှုကိုတွေ့ရတယ်။ နယ်မှာရှိတဲ့ တိုင်းရင်းသားတွေလည်း ဒီနေ့လုပ်တဲ့ အစီစဉ်ကို ကြည့်ပြီး အားလုံးသဘောထားတွေ တညီတညွှတ်ထဲ ဖြစ်စေချင်ပါတယ်” ဟု တိုင်းရင်းသားများ အဖွဲ့ဝင် ကိုလဆိုင်းပြောခြင်းဖြစ်သည်။

ယနေ့ ပြုလုပ်သော ကချင်ဒုက္ခသည်များ ရံပုံငွေရှာဖွေရေးအစီစဉ်သို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်သား အယောက်  ရ၀၀ ကျော် ပါ၀င်အားပေးခဲ့ကြောင်းသိရသည်။

၄င်းအစီစဉ်မှရရှိသော ငွေများကို ဒုက္ခသည်များဆိုင်ရာ ကော်မတီထံသို့ မကြာမီ လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုလဆိုင်းက ပြောသည်။

Most read this week