၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းပါတီနှစ်ခု ပူးပေါင်းရန် သဘောတူ

၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းပါတီနှစ်ခု ပူးပေါင်းရန် သဘောတူ
by -
မဇ္စျိမ

၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေး ပါတီ (CPP) တို့ ပူးပေါင်းပြီး ပါတီတစ်ခုအဖြစ် ရပ်တည်သွားရန် သဘောတူအတည်ပြုလိုက်ပြီဟု နှစ်ပါတီခေါင်းဆောင် တို့က ပြောသည်။

ချင်းအမျိုးသားပါတီ (CNP) အတွင်းရေးမှူး (၁) ဆလိုင်းငယ်ပီးက “ပူးပေါင်းလုပ်ဖို့ ကတော့ ကြာပြီ အဓိကကတော့ ပြည်သူလူထုက ချင်းအားလုံးကို ကိုယ်စားပြုတဲ့ နှစ်ပါတီ ရှိနေတာကို မကောင်းဘူး တစ်ပါတီပဲ ဖြစ်သင့်တယ်၊ ပြည်သူလူထုရဲ့ဆန္ဒကို ပထမ လိုက်လျောတာ၊ ပြီးတော့ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ သဘောတူထားမှု ပေါင်းစည်းဖို့ ဆုံးဖြတ်တဲ့အဆင့်ကို ရောက်လာတာပေါ့” ဟု ပြောဆိုသည်။

ချင်းပါတီနှစ်ခု ဖျက်သိမ်းပြီး “ချင်းအမျိုးသားတိုးတက်ရေးပါတီ” အမည်သစ်ဖြင့် နှစ်ဘက်ပါတီ ခေါင်းဆောင် တို့က သဘောတူ ထားကြောင်းလည်း ၄င်းက ပြောသည်။

ချင်းပါတီနှစ်ခု ပူးပေါင်းရန် အကြမ်းဖျင်းသဘောတူထားပြီး ရက်သတ္တပတ်အတွင်း နှစ်ဘက်ပါတီ CEC အဖွဲ့ဝင်များပြန်လည်တွေ့ဆုံကြမည်ဖြစ်ပြီး ပေါင်းစည်းရေးမူဝါဒများ ချမှတ်သွားမည်ဟု ချင်းတိုးတက်ရေးပါတီ ဘဏ္ဍာရေးမှူး ဦးဘဗွန် (Ba Bawm) က ပြောသည်။

“အကြမ်းဖျင်းတော့ သဘောတူပြီးသွားပြီ အသေးစိတ်ကတော့ ကျနော်တို့ ပြောလို့မရသေးဘူး နှစ်ပါတီပူးပေါင်းပြီး ဘယ်လိုဆက်သွားမလဲ မူဝါဒတွေ ဘာတွေ ပြန်ဆွေးနွေးရမယ် နှစ်ဘက်ပါတီကို ဖျက်ပြီးတော့ ပေါင်းဖို့ဆိုတာ လောက်ပဲ သဘောတူထားသေးတယ်” ဟု ဦးဘဗွန်က ပြောသည်။

ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပူးပေါင်းခြင်းသည် ကောင်းသည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း သို့သော် အမှန်တကယ်ပေါင်းစည်းနိုင်ရန်သာ လိုကြောင်း ၁၉၉၀ ရွေးကောက်ပွဲဝင် ဇိုမီး အမျိုးသား ကွန်ကရက် ZNC ဥက္ကဌ ပူးကျင့်ရှင်းထန်က ပြောသည်။

၎င်းက “တစ်ပါတီတည်းနေမယ့်အစား အားလုံးတစ်ပါတီတည်း ဖြစ်နိုင်သမျှ ပူးပေါင်းနေနိုင်ရင်တော့ ပိုကောင်း တာပေါ့လေ၊ ကျွန်တော်သိသလောက်က ချင်းတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားပါတီတို့ မပေါင်းကြပါဘူး” ဟု ဆိုသည်။

ချင်းတိုးတက်ရေးပါတီ ၂၀၁၀ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ ပါတီဥက္ကဌအဖြစ် ပူးနိုးထန်ကပ် တာဝန်ယူထားဖြစ်ပြီး၊ ချင်းအမျိုးသားပါတီကို ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကာ ပါတီဥက္ကဌအဖြစ် ဦးဇိုဇမ်က တာဝန်ယူထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၂) ဦးအနိုင်ရရှိခဲ့ပြီး ချင်းအမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၁) နေရာအနိုင်ရရှိထားကြသည့် ပါတီဖြစ်သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP)တို့ ပူးပေါင်း၍ ပါတီတခုအဖြစ် ရပ်တည်သွားရန် အတည်ပြုလိုက်ပြီဖြစ် ကြောင်း (CNP) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

Most read this week