မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကျန်ရှိနေသေးသည့် ပိတ်ဆို့မှုများအား ရုပ်သိမ်းမှုကို ဆိုင်းငံ့ထားပါရန် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့များ ကွန်ယက်ဖြစ်သော The European Burma Network ၏ ပူးတွဲထုတ်ပြန် ကြေညာချက်တွင် တိုက်တွန်းထားသည်။
“အချိန်မတိုင်ခင် EU ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် ထိခိုက်သွားမှာနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မတော်မတရားမှုတွေ ဖြစ်နိုင်တာကို ကျနော်တို့က စိုးရိမ်ပါတယ်” ဟု Burma Campaign UK အဖွဲ့မှ ဒါရိုက်တာ မာ့ခ် ဖာမန်နာ ၏ ပြောကြားချက်ကို မတ်လ ၂၆ ရက်နေ့က ကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ ဖြစ်ပေါ်ခဲ့သော ပြုပြင်ပြောင်လဲရေးများကို အသိအမှတ်ပြုရန် ယင်း လူ့အခွင့် အရေးအဖွဲ့က စိတ်ထက်သန်မှုရှိသော်လည်း လူ့အခွင့်အရေးဆိုင်ရာ မတရားမှုများ ဆက်လက်ဖြစ် ပေါ်နေခြင်း၊ တိုင်ရင်းသား လူမျိုးစုများနှင့် ပဋိပက္ခများ ဆက်ဖြစ်နေခြင်းနှင့် ရာနှင့်ချီသော နိုင်ငံရေးအကျဉ်း သားများ ဆက်လက် ထိန်းသိမ်းခံနေရခြင်းများကို မီးမောင်းထိုးပြခဲ့သည်။
ကျန်နေသေးသော ပိတ်ဆို့မှုများအား ဆက်လက်ပြဋ္ဌာန်းခြင်းသည် မြန်မာနိုင်ငံတွင် အပြောင်းအလဲကောင်း များ ထပ်မံဖြစ်လာစေမည့် အခွင့်အလမ်းအဖြစ် ယင်းအဖွဲ့က ရှုမြင်သည်။
“ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိဘူး။ အခွင့်အလမ်း ရှိနေတဲ့ နောက်ထပ် ပြောင်းလဲမှုတွေအတွက် တွန်းအားပေးရပါမယ်။ သို့သော်လည်း ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေဟာ လက်တွေ့ဖြစ်ပေါ်နေတဲ့ လေးနက်အရေးကြီးတဲ့ အမှန်တရားတွေကို လစ်လျူရှုပြီး တိုးတက်မှုတွေကို အသားပေးဖေါ်ပြဖို့ ဆန္ဒရှိနေကြတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု The European Burma Network ၏ ပူးတွဲထုတ်ပြန် ကြေညာချက်တွင် ဝေဖန်ထောက်ပြထားသည်။