ဂတ်စ်ပိုက်လိုင်း လျှော်ကြေး ခြံပိုင်ရှင်များ မရ

ဂတ်စ်ပိုက်လိုင်း လျှော်ကြေး ခြံပိုင်ရှင်များ မရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဂတ််စ်ပိုက်လိုင်း သွယ်တန်းသည့်အတွက် သိမ်းဆည်းခံရသည့် ဥယာဉ်ခြံမြေများ အတွက် သီးနှံ လျှော်ကြေးငွေများ ထုတ်ပေးနေရာတွင် ပိုင်ရှင် အစစ်အမှန်များ လျှော်ကြေးငွေ မရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

၎င်းလျှော်ကြေးငွေများကို ပိုင်ရှင် မဟုတ်သူများက အာဏာပိုင်များနှင့် ပေါင်းပြီး လိမ်လည်ထုတ်ယူ နေကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ မသွယ်သွယ်စိုးက ပြောသည်။

“ပိုင်ရှင် အစစ်တွေက လျှော်ကြေးမရပါဘူး။ ပိုင်ရှင်မဟုတ်တဲ့ အာဏာပိုင်တွေနဲ့ နီးစပ် သူတွေက အရေးပေါ် ပြေစာ အတုတွေလုပ်ပြီး သီးနှံ လျှော်ကြေးပေးတဲ့အဖွဲ့က ငွေတွေကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး ထုတ်နေကြပါတယ်” ဟု ဆိုသည်။

လျှော်ကြေးငွေများ လိမ်လည် ထုတ်ယူခံနေရသည့် ကျေးရွာသားများမှာ နွားရုံတောင်အုပ်စု၊ အောက်ရွာ အုပ်စုအပါအဝင် ပိုက်လိုင်းတလျှောက် ကျေးရွာအများအပြားမှ ရွာသားများဖြစ်ကြောင်း သူမက ဆိုသည်။

လျှော်ကြေးငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် သီးနှံလျှော်ကြေးပေးရေးကော်မီတီမှ ထုတ်ပေး နေခြင်းဖြစ်သည်။

သိမ်းဆည်းခံနေရသည့် ဥယာဉ်ခြံမြေများ အတွက် လျှော်ကြေးပေးရာတွင် လယ်မြေ အပါအဝင် တခြားမြေ လျှော်ကြေးနှင့်  သီးနှံလျှော်ကြေးဟူ၍ နှစ်မျိုး ခွဲခြား ပေးနေခြင်းဖြစ်ပြီး တချို့မှာလည်း အစိုးရ မြေစာရင်း ဌာနတွင် စာရင်းပေါက်မရှိ သည့်အတွက် မြေလျှော်ကြေး မရသူများလည်းရှိကြောင်း သိရသည်။

မသွယ်သွယ်စိုး တစ်ဦးတည်းတွင် စိုက်ခင်း ၂ ခု စုစုပေါင်း ဧက ၂၀ ကျော်သိမ်းဆည်းခံရပြီး စိုက်ခင်း တစ်ခုအ တွက်သာ မြေနှင့်သီးနှံလျှော်ကြေးရရှိပြီး ကျန်စိုက်ခင်း တစ်ခု အတွက် တပြားတချပ်မှ မရရှိသေးကြောင်း ပြောသည်။

ယခုကဲ့သို့ စိုက်ခင်းပိုင်ရှင်မဟုတ်သူများ လျှော်ကြေးများကို လိမ်လည်ထုတ်ယူနေသည့်အတွက် မြို့နယ်အတွင်း နစ်နာရသူ တောင်သူများစုပေါင်းပြီး ရခိုင်ပြည်နယ် တိုးတက်ရေးပါတီ (ရတပ) ပါတီမှတစ် ဆင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုလွတ်တော်သို့ ဥပဒေကြောင်းအရ တင်ပြရန်စီစဉ်နေကြောင်း ပြောသည်။

“ကျမတို့အခု အုပ်စုအလိုက် စာရင်းကောက်ပြီး လက်မှတ်တွေစုနေပါတယ်။ တမှန်တကယ် နစ်နာတဲ့သူတွေ ကတော့ ကျောက်မြောင်းအုပ်စု တောင်ရင့်ကြီးရွာ၊ ပဒေါင်းချဉ်ရွာ၊ နောက်ပြီး ပဒက်မော်အုပ်စု အိုးပုံရွာ၊ ငါးလုပ်ကျရွာ၊ ဇာတီမော် ရွာ၊ နောက်ပြီးအောက်ရွာအုပ်စုက အောက်ရွာစသဖြင့် အုပ်စုလိုက် စာရင်းကောက်နေပါ တယ်။ တော်တော်များမယ်။  အတိကျတော့ စာရင်း မရတဲ့ အတွက် မသိရသေးဘူး” ဟု မသွယ်သွယ်စိုးက ပြောသည်။

ဒေသအတွင်း လယ်မြေ၊ ဥယာဉ်ခြံမြေများ သိမ်းဆည်းခံရသည့်အတွက် တောင်သူများ၏ စိုးရိမ်ပူပင်များကို မည်သူမှ လာရောက် ဖြေသိမ့် ပေးခြင်း မရှိသလို ဥယာဉ်ခြံမြေ ပိုင်ရှင်များနှင့်  ညှိနှိုင်းခြင်း ၊ အသိပညာပေးခြင်းလည်း မရှိဟု ဆိုသည်။

တောင်သူများကို မြေတစ်ဧကို လျှော်ကြေး ဘယ်လောက်ပေးမည်။ ဖျက်ဆီးခံရသည့် ဥယျာဉ်များမှ အပင်ကြီး တစ်ပင်ကို မည်ရွေ့မည်မျှ လျှော်ကြေးပေးမည်။ သတ်မှတ်နုန်းထား မည်မျှ ရှိသည်ကို  တောင်သူများအား တစ်စုံတစ်ရာ ရှင်းပြခြင်း  မရှိဘဲ အတင်းအဓမ္မ လက်မှတ် ရေးထိုးခိုင်းက လျှော်ကြေးငွေများကို ခွဲဝေ ပေးနေသည်ဟု သိရသည်။

Most read this week