ဥပဒေလေးစားရန် လိုကြောင်း ဇီးကုန်းရဲတပ်ဖွဲ့ ပြော

ဥပဒေလေးစားရန် လိုကြောင်း ဇီးကုန်းရဲတပ်ဖွဲ့ ပြော
by -
မဇ္စျိမ

မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း အနောက်ခြမ်း ပဋိပက္ခ ဖြစ်စဉ်များတွင် လုံလောက်စွာ ဂရုစိုက်မှု မရှိဟု ပြည်သူများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဝင်ရောက်ထိန်းသိမ်းစဉ် မလိုလားအပ်သည့် အခြေအနေများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်းနှင့် ဥပဒေကို လေးစားရန် လိုကြောင်း ဇီးကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမသို့ ပြောဆိုသည်။

၎င်းက “ကျနော်တို့ ၀င်မထိန်းတာကိုပဲ မြင်ကြတာ။ တကယ်တမ်းက ၀င်ထိန်းရင်းနဲ့ တခြား မလိုလားစရာ အခြေအနေတွေကို လက်ယပ်ခေါ်သလို ဖြစ်သွားမှာပဲ။ ဘယ်သူမှ ဒါမျိူးကို ခန့်မှန်းမပေးနိုင်ဘူး။ ကျွန်တော်တို့ အဓိက လိုနေတာက စိတ်ဓါတ်တွေပဲ၊ ဥပဒေကို လေးစားမှု လိုသေးတယ်”  ဟု မဇ္စျိမသို့ ပြောသည်။

မတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ပဲခူးတိုင်း အနောက်ဖက်ခြမ်းရှိ ကြို့ပင်ကောက်၊ မင်းလှ၊ အုတ်ဖို ၊ ဇီးကုန်း အစရှိသည့် မြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့တွင် အခြေအနေများ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဒေသခံများက ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို ကြောက်ရွံ့နေပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြကြောင်းနှင့် ပဋိပက္ခတွင် ပါ၀င်သူအများစုမှာ ထွက်ပြေးနေကြသည်ဟု မင်းလှရဲစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

“ပြည်သူတွေကို ကာကွယ်ပေးတာက ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ရတာကို သူတို့ကို မစောင့်ရှောက်လို့ ဖြစ်တာ ပြောတာတော့ မကောင်းဘူး” ဟု အဆိုပါ တာဝန်ရှိသူက သူ့အမြင်ကို ပြောသည်။

ထို့အပြင် ပဲခူးတိုင်းအနောက်ခြမ်းအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များမှာ မိတ္ထီလာမြို့မှ စတင်ခဲ့သော ပြဿနာ၏နောက်ဆက်တွဲ ကိစ္စများဟု ယူဆကြောင်း “ဘယ်ကိစ္စကတော့ စပြီးဖြစ်တယ်ဆိုတာတော့ တိတိကျကျမရှိဘူး။ မိတ္ထီလာကစတာလို့ပဲ ပြောရမှာပဲ။” ဟု ဇီးကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက သူ့အမြင်ကို ပြောသည်။

ဆက်လက်၍ ယမန်နေ့က ဖြစ်ခဲ့သည့် ကိစ္စများအတွက် လုံခြံုရေးများက တာဝန်ယူနိုင်သလောက် ယူခဲ့ကြသော်လည်း မလုံလောက်မှုများ ရှိကောင်း ရှိနိုင်ကြောင်း ပြောဆိုသည်။

သို့သော် မင်းလှမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ အခြားတယောက်ကမူ မြို့၏လက်ရှိအခြေအနေမှာ ဘာမှတိတိကျကျ မသိရသေးသည့် အချိန်ဟု ဆိုသည်။

မတ်လ၂၀ ရက်နေ့က ရွှေအရောင်းအဝယ် ပြုလုပ်ရာမှ ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်ကြောင့် သက်ဆိုင်ရာမှ ဒေသအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်နေ့တွင်  အရေးပေါ်ကြေညာချက် ထုတ်ပြန်ကာ စစ်တပ်မှ ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်။

နတ္တလင်းရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဇော်က မတ်လ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဋ္ဋိပက္ခဖြစ်စဉ်များတွင် ပါ၀င်ခဲ့သူဟု ယူဆထားသူများကို ထိန်းသိမ်းထားကြောင်း မဇ္စျိမသို့ ပြောသည်။

“လောလောဆယ်ကတော့ ၂ ယောက်ပဲရှိပါသေးတယ်ဗျ။ ပြန်ပြီးတော့ နောက်ဆက်တွဲ မေးမြန်းစရာ တွေ ရှိပါသေးတယ်။ ကျန်တဲ့ နောက်ဆက်တွဲတွေ ကတော့ အခုလုပ်ဖို့ မရှိသေးပါဘူး။ ကျွန်တော်တို့ ထိန်းသိမ်းထားတာက မသင်္ကာလို့ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ညနေသုံးနာရီခန့်က ပဲခူးတိုင်း မင်းလှ၊ ဇီးကုန်းအပါအဝင် နတ္တလင်းမြို့နှင့်နီးစပ်ရာရွာ များတွင် ရာနှင့်ချီသည့် လူထုက ဘာသာရေးအဆောက်အဦများနှင့် အိမ်အတွင်းရှိ ပစ္စည်းများအားဖြိုဖျက်ခဲ့ ကြောင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ညနက်ချိန်အထိ ဆက်လက် ဆူပူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။