ရှမ်းပြည်နယ် အရှေ့ခြမ်း တာချီလိတ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၃၃၁ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူးတို့ ပဋိပက္ခဖြစ်ပွားရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အပေါ် တာချီလိတ်စစ်ဗျူဟာမှူးအား ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးက ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်တွင်းမိသားစု သတင်းရပ်ကွက်က ဆိုသည်။
“တာချီလိတ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်အခု ကျိုင်းတုံရောက်နေတယ်။ တြိဂံစစ်တိုင်းရုံးက သူ့ ကို တိုက်ရိုက်ကိုင်တာ။ တပ်မတော်စစ်ဆေးရေးမှူး ဗိုလ်ချုပ်သောင်းအေးလဲ တာချီလိတ်မှာရှိနေတုန်းဘဲ။ စစ်လို့ဆေးလို့ မပြီးသေးဘူး။ မြို့နယ်ရဲမှူး၊ စခန်းမှူးတွေလဲ ထိကုန်တယ်ပြောတယ်၊ ရဲအရာရှိ တယောက်ကတော့ သင်တန်းနဲ့ ညှိနေလို့ ကံကောင်းသွားတယ်” ဟု တပ်တွင်းမိသားစုနှင့် နီးစပ်သည့် ဒေသခံတဦးကပြောသည်။
သို့သော် ယင်းကိစ္စ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပါ။
ဖေဖော်ဝါရီလကုန်က တာချီလိတ်အခြေစိုက် ခမရ ၃၃၁ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးဇေယျာဝင်းနှင့် ၎င်းလက်အောက်မှ တပ်မှူးတို့ မူးယစ်ဆေးကိစ္စ၊ လိုင်စင်မဲ့ကားများနှင့် အခြားသောလာဘ်ပေးလာဘ်ယူ မှုများကြောင့် အချေအတင် စကားများရာမှ ကျည်လွှတ်ထွက်ကာ တပ်ရင်းမှူး ထိမှန်သေဆုံးသွားကြောင်း၊ ထို ကိစ္စကြောင့် တာချီလိတ်စစ်ဗျူဟာမှူးအား တြိဂံစစ်တိုင်းရုံးက ထိန်းသိမ်းစစ်ဆေးနေ ကြောင်းဆိုသည်။
“တပ်တွင်းအရာရှိတွေအကုန်အစစ်ခံရတာ။ တပ်ကြပ်ကြီးအဆင့်အထိဘဲ။ အခုလဲ တပ်တွင်း မိသားစု တွေ အနေအထိုင် အဝတ်အစားကအစ ဆင်ခြင်နေရတယ်။ အဖမ်းခံရတဲ့လူတွေကို ဘယ်လို ထပ်ပြီး အရေးယူမလဲတော့မသိသေးဘူး” ဟု တပ်တွင်းမိသားစု အသိုင်းအဝိုင်းတဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဝမ့်ဆမ်ဖူးရွာ (ယခင်က စိုင်းနော်ခမ်းအခြေချ သည့်ရွာ) အတွင်း ယာဘ အစည်းပေါင်း ရ၀၀ ကို ခမရ ၃၃၁ နှင့် ပူးပေါင်းပါဝင်သည့် အဖွဲ့က ဖမ်းဆီးခဲ့သည်။
သိမ်းဆည်းရမိသော ယာဘ အစည်း ရ၀၀ (တစည်းလျှင် ယာဘ ၁၀ ထုပ်၊ တစ်ထုပ်= အပြားပေါင်း ၂၀,၀၀၀) အနက် ဗျူဟာမှူး တဦးတည်း အစည်း ၂၀၀ ကျော် ခွဲယူသွားသည်ဟု တပ်ရေးဗိုလ်ကြီးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောဆိုသည်။
တာချီလိတ် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်သည် တာချီလိတ်မြို့သို့ ရောက်ရှိလာ သည်မှာ တနှစ်ပင်မရှိသေးဟု ဒေသခံများက ဆိုသည်။