ကရင်နီအမှတ် ၂ ဒုက္ခသည် စခန်း မီးလောင်မှုကြောင့် ဒုက္ခရောက်နေကြရတဲ့ သူတွေကို ဒေသခံ ထိုင်းအာဏာပိုင်တွေနဲ့ NGOs တွေက အကူအညီတွေ အပြည့်အဝ ပေးနေပေမယ့် ဒုက္ခသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ လိုအပ်တယ်လို့ ကရင်နီ အမျိုးသမီးအဖွဲ့က ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့က ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အတွက် လူ ၃၇ ဦးသေဆုံးပြီး ဒဏ်ရာရသူ အပါအဝင် ဒုက္ခသည် ၂၃၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ ဒုက္ခရောက် နေသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်တွေ ဖြစ်တယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံး(KNWO) က ပြောပါတယ်။
KNWO ဥက္ကဌ မော်သိုးမြာက “ကျမတို့ စိတ်ပိုင်းဆိုင်ရာ အရ အားပေးမှုတွေပြုလုပ်နိုင်ဖို့ ကျမတို့ ရုံးကို အမြန််ဆုံး ယာယီရုံးတလုံး အနေနဲ့ ဖွင့်ထားမယ်ပေါ့နော်။ ဘာလို့ ယာယီရုံုးကို ဖွင့်ထားလဲဆိုရင် ကျမတို့ ပထမဆုံး အဖြစ်ပျက် ဖြစ်ပြီးနှောက်ပိုင်း မှာ ကျမတို့ သိရသလောက်ကတော့ အမျိုးသမီးနှင့် ကလေးငယ် တွေဟာ အထူး သဖြင့် ကလေးငယ်တွေဟာ မိဘနားမှာနေချင်ကြတယ် မခွဲမခွာ နေချင်ကြတယ်။ ပြီးတော့မှ ကြောက်စိတ်တွေဝင်လာတယ် အဲလို်မျိုးတွေရှိတယ်" လို့ ပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပ့ံမှုတွေ ပေးနိုင်ဖို့အတွက် လာမယ့် မတ်လ ၂၉ ရက်နေ့မှာ လုပ်ငန်းစတင် မယ်လို့ ဆိုပါတယ်။ အိုးအိမ်များ ဆုံးရှံုးသွားခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် နေအိမ်များပြန်လည်ဆောက်ပေးဖို့ အရေးကြီးတယ်လို့ ကရင်နီဒုက္ခသည်ကော်မတီ (KnRC) က ပြောပါတယ်။
"လောလောဆယ် ကျမတို့ လုပ်နိုင်တာက ဒီအရေးပေါ်အခြေနေတွေကို အရင်ဆုံးလုပ်ရတာပေါ့ သူတို့ရဲ့ စားဝတ်နေရေးအတွက်နောက် အဓိက သူတို့နေဖို့အိမ်တွေ အဆောက်အအုံတွေ အမြန်ဆုံး ပြန်လည်တည် ဆောက်နိုင်ဖို့ ဘာလို့လဲဆို သူတို့နေဖို့အိမ်တွေ မရှိဘူး။ ပြီးတော့ သူတို့နေတဲ့ နေရာကလည်း ကြပ်နေတယ်လို့ ပြောလို့ရတယ်။ " လို့ KnRC အတွင်းရေးမှူး ၁ နော်ထူးလွဲက ပြောပါတယ်။
လောလောဆယ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးတော့ ထိုင်းအာဏာပိုင်တွေဖက်က ကူညီဆောင် ရွက်လျက်ရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) အဖွဲ့မှ ကူညီမှုတွေ ရှိနေတယ်လို့လဲ သိရပါတယ်။