နိုင်ငံတော် သက်သေ စိုင်းအောင်မြတ်အား မြန်မာအစိုးရ ရုံးတင်စစ်ဆေးမည်

နိုင်ငံတော် သက်သေ စိုင်းအောင်မြတ်အား မြန်မာအစိုးရ ရုံးတင်စစ်ဆေးမည်
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံ၌ နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးခံခဲ့ရပြီး ယခုလအတွင်း ပြည်တော်ပြန်ပို့ခံရသော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်သား စိုင်းအောင်မြတ်အား တရုတ်အစိုးရ တောင်းဆိုမှုအတိုင်း တရားစွဲဆို ရန် မနက်ဖြန်ရုံးတင်စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။

“သူ့ကိုကျိုင်းတုံမှာဘဲ ထားနေတုန်းဘဲ။ မတ်ခ်ျလ ၂၉ ရက် နက်ဖြန်ရုံးတင်စစ်ဆေးမယ်။ သူ့အမနဲ့သူ့မိန်းမ သွားနားထောင်ကြမယ်။ အမှန်ကတော့ တရုတ်ဩဇာကြောင့်သာ သူ့ကို အချုပ်ခန်းပို့ထားတယ်၊ ရုံးတင်စစ်ဆေးမယ်လုပ်နေကြတာ။ နေပြည်တော်က အရာရှိတွေကဆိုရင် ‘လက်နက်ချတဲ့လူကိုတရားစွဲ လို့မရဘူး’ လို့ပြောကြတယ်”  ဟု စိုင်းအောင်မြတ်နှင့် ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

စိုင်းအောင်မြတ်အား အမှန်တကယ် ရုံးတင်စစ်ဆေးပါက တရုတ်နိုင်ငံက မြန်မာအစိုးရအပေါ် ချုပ်ကိုင်နိုင်မည့် အကြောင်းတခုခုရှိနိုင်ကြောင်း၊ KIO နှင့် အစိုးရတို့ ရွှေလီ၌ ဆွေးနွေးစဉ်ကလည်း ဆွေးနွေးပွဲအပေါ်တရုတ် အစိုးရက ခြယ်လှယ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး အတွက် လှုပ်ရှားနေသည့် ပုဂ္ဂိုလ်တဦးက သုံးသပ်ပြောဆိုသည်။

စိုင်းအောင်မြတ်အား ယခုလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့သို့ ပြန်လည်ပို့ဆောင်ပြီးနောက် တရုတ်အစိုးရက အမှုတခုခုဖြင့် ရုံးတင်စစ်ဆေး ပြစ်ဒဏ်ပေးရန် မြန်မာအာဏာပိုင်များထံ တောင်းဆိုလာကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုနေ့ ညနေပိုင်းက ၎င်းအား ကျိုင်းတုံအကျဉ်းထောင် အထူးခန်း၌ ပြန်လည်ထိန်းသိမ်းထား ကြောင်း သိရသည်။

ကနဦး သတင်းများအရ ၎င်းအပါအဝင် မိသားစုများအား လုံခြံုရေးအရ ရန်ကုန် သို့မဟုတ် နေပြည်တော်သို့ ပို့ဆောင်မည်ဟု ကျိုင်းတုံရှိ မြန်မာအာဏာပိုင်များက ပြောဆိုသော်လည်း ယနေ့တိုင် ကျိုင်းတုံအကျဉ်းစခန်း ၌ပင် ရှိနေသေးကြောင်း ဆွေမျိုးတဦးက ပြောသည်။

စိုင်းနော်ခမ်း၏လက်ထောက်ဖြစ်သော စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရမီ ၁၀ ရက်အလို တာချီလိတ်ရှိ မြန်မာအစိုးရထံ နောက်လိုက်၂၅ ဦးဖြင့် လက်နက်ချခဲ့ရာမှ တရုတ်အစိုးရက အစိုးရ သက်သေအဖြစ် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

“စိုင်းနော်ခမ်းအသတ်ခံရမယ့် ရက်တွေတုန်းက စိုင်းအောင်မြတ်ကို အကျဉ်းထဲမှာ ဆလိုက်မီးကြီးနဲ့နေ့ရောည ပါထိုးထား တယ်။ နေ့လားညလား တောင် မသိရဘူး။ မနက်မိုးလင်းပြီလို့ခန့်မှန်းရတဲ့ အချိန်မှာ ဆိုရင် ပေါက်စီ ၃ လုံးလာပေးတယ်။ မနက်စာတလုံး နေ့လည်စာတလုံး ညစာတလုံး စားရတယ်။ ရေဆာရင် တစွန်းဘဲတိုက် တယ်။ ရိုက်တာနှက်တာတော့မရ ပါဘူး- လို့ သူကပြန်လာပြောပြတယ်” ဟု စိုင်းအောင်မြတ်အား ကျိုင်းတုံ၌ သွားတွေ့ခွင့်ရခဲ့သည့် ဆွေမျိုးတော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရသည့်ကိစ္စ၌ ညွှန်ကြားသူအဖြစ် စွပ်စွဲခံရသော စိုင်းနော်ခမ်းအား စစ်ဆေးခဲ့ရာ စိုင်းအောင်မြတ်အား နိုင်ငံတော်သက်သေအဖြစ် ထွက်ဆိုပေးရန် တရုတ် အစိုးရထံ မြန်မာအစိုးရမှ ယမန်နှစ် ဩဂတ်စ်လက လွှဲပြောင်းပေးခဲ့သည်။

လူသတ်မှု၌ စိုင်းနော်ခမ်း ကိုယ်တိုင် အမိန့်ပေးကြောင်း လက်ထောက် ဖြစ်သူ စိုင်းအောင်မြတ်ကဝန်ခံ ထွက်ဆိုခဲ့သည်ဟု တရုတ်မီဒီယာများက ပြောသော်လည်း ၎င်းဘာမှမသိရကြောင်း၊ ကျိုင်းတုံ၌ပြော သည့်အတိုင်း တရုတ်တရားရုံး၌ ထွက်ဆိုခဲ့သည်ဟု မိသားစုဝင်နှင့် မိတ်ဆွေများက ပြောဆိုသည်။