ရခိုင် အစိုးရ နေပူတောင် ကိစ္စ တောင်ကုတ် လူထုအား ရှင်းလင်း

ရခိုင် အစိုးရ နေပူတောင် ကိစ္စ တောင်ကုတ် လူထုအား ရှင်းလင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နိုင်ငံခြား ကုမ္ပဏီ တစ်ခုမှ လုပ်ကိုင်မည့်  နေပူတောင် စီမံကိန်းနှင့် ပတ်သက်ပြီး လူထု ရှင်းလင်းပွဲ တစ်ခုအား ရခိုင် အစိုးရမှ တောင်ကုတ်မြို့တွင်  ယမန်နေ့က ပြူလုပ်ခဲ့သည်။

IMG 2539

“တောင်ကုတ် မြို့နယ် အတွင်းရှိ အဖိုးတန် နေပူတောင်မှ ကျောက်များကို ဗီယက်ကုမ္ပဏီ တစ်ခုအား ဌားရမ်းထားသည့် အပေါ် တစ်စုံတစ်ရာ တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိသဖြင့် ရခိုင်လူထု အတွင်း မကျေနပ်မူများနှင့် အတူ ဆန္ဒပြကန့်ကွက်မည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် တောင်ကုတ် လူထုအား ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများက လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။

“တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး စည်းဝေးပွဲ ခန်းမမှာ မတ်လ ၂၆  ရက်နေ့ နေ့လည် ၂ နာရီမှာ ပြုလုပ်ပါတယ်။  ရခိုင်ပြည်နယ် သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင်နဲ့ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းတို့ တက်ရောက် ရှင်းလင်း ပြောကြားပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင်ပြည်နယ်) မှ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးမင်းအောင်က ပြောသည်။

အစည်းအဝေးတွင် ၀န်ကြီး နှစ်ဦးမှ နေပူတောင်အား မာဘဲလ်ကျောက် ထုတ်လုပ်ရန် ဗီယက်နမ် ကုမ္ပဏီ တစ်ခုအား ဌားရမ်း လုပ်ကိုင်ခွင့်ပြုထားသည်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“တောင်ကုတ်မြို့နယ် ထဲက နေပူတောင်မှာရှိတဲ့ မာဘဲလ်ကျောက်နဲ့ ပတ်သက်ပြီးတော့ ဗီယက်နမ် ကုမ္ပဏီတခုနဲ့ စာချုပ် ချုပ်ဆိုထားတဲ့အကြောင်းကို ရှင်းပြသွားတယ်။ သူတို့ လာပြီးတော့ ရှင်းလင်းတဲ့ အနေအထားမှာက ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကို သူတို့က ချပြတဲ့ သဘောပါ။  ဒါပေမယ့် သူတို့ ချပြတာကို ကျွန်တော်တို့ နားမလည် လိုက်တာတွေ အများကြီး ရှိပါတယ်။ ပြည်ထောင်စု အစိုးရ အဆင့်နဲ့ သတ္တုတွင်းဝန်ကြီး စာချုပ် ချုပ်ထားပြီလို့လဲ ပြောတယ်။ ကျွန်တော်တို့ စာချုပ်ရဲ့ တိကျတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဖတ်ချင်တယ်။ ဖတ်ခွင့်ရမလားဆိုတာကိုလဲ သူတို့က ပြန်လည် ဖြေရှင်း ပြောဆို ခဲ့တာတွေလဲ မရှိခဲ့ပါဘူး” ဟု ဆိုသည်။

ယခုကဲ့သို့ ၀န်ကြီးများအနေဖြင့် လာရောက် ရှင်းလင်းပြခြင်းသည် ပွင့်လင်းမြင်သာမှုရှိကြောင်း  ဟန်ပြသဘော ပြုလုပ် ခြင်းသာ ဖြစ်သည်ဟု သူ့အမြင်ကို ဦးမင်းအောင်က ပြောသည်။

“ပြည်နယ်အစိုးရအနေနဲ့ ခုလို လာပြီးတော့ တိုင်းရင်းသားဒေသတွေမှာ သယံဇာတတွေကို ထုတ်ယူမယ် ဆိုရင် အကျိုးနဲ့ အပြစ်ကို  ဒေသခံပြည်သူတွေကို ချပြရမယ်၊။ ရှင်းလင်း ပြရမယ်။ ဒါမှ ပွင့်လင်းမြင်သာမူ ရှိတယ်လို့ ဆိုနိုင်မယ်။ ဒါကို လိုချင်တဲ့ အတွက် ဟန်ပြ သဘောမျိုး လာရှင်းလင်းတယ်လို့ဘဲ ကျွန်တော်ကတော့ မြင်ပါတယ်” ဟု ဆိုသည်။

ပြည်သူများ သိအောင် ရှင်းလင်းရာတွင်လည်း ပြည်သူများ နားလည်သဘောပေါက်အောင် ရှင်းပြခြင်း၊ ဖြေကြားခြင်းမျိုး မရှိဟု သူက ပြောသည်။

“ဒီလို ရှင်းလင်းတဲ့ နေရာမှာလဲ သူတို့က မေးတဲ့ မေးခွန်းတွေကို ခြေခြေ မြစ်မြစ် ပြန်လည် ဖြေကြားသွား တာတို့၊ ရှင်းပြတာမျိုး မရှိဘူး။ တိတိကျကျ ပြန်လည် ဖြေကြားတာမျိုးကိုလည်း မတွေ့လိုက်ဘူး” ဟု ပြောသည်။

ဗီယက်နမ် ကုမ္ပဏီအား နေပူတောင်ကျောက်ကို ထုတ်လုပ်ရန် ဌားရမ်းမူနှင့် ပတ်သက်ပြီးလည်း နိုင်ငံတော်က မည်မျှ ၀င်ငွေ ရရှိမည်။ ရခိုင်ပြည်နယ် အတွက် မည်မျှ ခွဲဝေပေးမည်။ ဒေသခံများ အတွက် ရရှိမည့် အကျိုးနှင့် အပြစ်များကိုလည်း တစ်စုံတစ်ရာ အလေးအနက်ထားကာ ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

အစည်းအဝေးကိုလည်း  နေ့လည် တစ်နာရီတွင် ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ၀န်ကြီးအဖွဲ့မှ  ရခိုင်စံတော်ချိန် အတိုင်း နေ့လည် ၂ နာရီမှ အစည်းအဝေးသို့ ရောက်ရှိလာသည်ဟု ဆိုသည်။

IMG 2544

အစည်းအဝေးကို တောင်ကုတ်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှ တာဝန်ရှိသူများ၊ ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာသွေးလှူရှင်များအဖွဲ့မှ တာဝန်ှရှိသူများ၊ ဝေယျာဝစ္စ နာရေးကူညီမှု အသင်း တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ စုစုပေါင်း ၁၀၀ နီးပါးတက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင်မှ မာဘဲလ် ကျောက်များကို တစ်နှစ်လျှင် မက်ထရစ်တန် ရ၈၅၀ ကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး ၂၅ နှစ်ထိ ထုတ်လုပ်မည်ဟု သိရသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော် ပထမ အကြိမ် ဆဌမပုံမှန်အစည်းအဝေး ဆဌမ နေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကို်ယ် စားလှယ် ဦးအောင်မြကျော်က ကန့်ကွက်ခဲ့သည်ဟု သိရသည်။

နေပူတောင်မှ ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ဗီယက်နမ်နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်အကြောင်းအရာ များအား ဒေသခံရခိုင်ပြည်သူလူထုနှင့် မြန်မာနိုင်ငံသား များအား ပွင့်လင်းမြင်သာသော သတင်းထုတ်ပြန်မူများ ကို ပြုလုပ်ပြီးမှ ထိုကျောက်များအား ထုတ်ယူစေလိုကြောင်း၊  ထိုသို့မပြုလုပ်လျှင် လက်ပန်းတောင်စီမံကိန်း ကဲ့သို့ ဖြစ်သွားနိုင်ပါကြောင်း ဦးအောင်မြကျော်မှ တင်ပြခဲ့ကြောင်း သိရသည်။

ရခိုင် လူမူကွန်ယက်မှလည်း တောင်ကုတ် နေပူတောင် စီမံကိန်းနှင့် ပတ်သက်ပြီး  ပွင့်လင်းမြင်သာမူ မရှိသဖြင့် ဆန္ဒပြ ကန့်ကွက်မူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားသည်။

Most read this week