လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဒေသအား နယ်မြေ ရှင်းလင်းရေးပြုလုပ်မည် ဟု အရှေ့ မြောက်ပိုင်းတိုင်း (ရမခ) တိုင်းမှူးက ပြောဆိုကြောင်း ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောသည်။
“တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က ကျနော်တို့ ရှိတဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ရမယ်လို့ မနေ့က ပြောလာတယ်။ တန့်ယန်းမြို့နယ်မှာ ရှိတဲ့ SSA တပ်မဟာ (၃၆) လက်အောက်ခံ တပ်ရင်း (၁၉၂) လွယ်လန်းတောင် တပ်စခန်းနှင့် လယ်စေးတောင် တပ်စခန်း (၂) နေရာကို စတင် ရှင်းတော့မှာ ဖြစ်တယ်၊ တိုက်ပွဲ မဖြစ်ချင် ရင်တော့ အဆင်သင့် ဆုတ်ထား ပေးပါပေ့ါ။ အဲလို ပြောထားတယ်။” ဟု ဆိုသည်။
အစိုးရဘက်က ရည်ရွယ် ထားသည့် နယ်မြေ ရှင်းလင်းရေး စီမံချက် အတိုင်း ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က မြဝတီ မီဒီယာတွင် ဖော်ပြ ခဲ့ပြီးနောက် ရမခ တိုင်းမှူးမှ တရားဝင် ထုတ်ဖော် ပြောကြား လိုက်ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ SSPP/SSA ဘက်ကလည်း လွယ်လန်း တပ်စခန်းမှ ဆုတ်ခွာ ပေးမည် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြား ထားပြီး ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလ က ဆိုသည်။
အဆိုပါ လွယ်လန်း စခန်း တောင်ကြောသည် ဝ နယ်နှင့် SSA တပ်ဖွဲ့များ အတွက် စစ်ရေး အရ အချက်အခြာ ကျသည့် နေရာဖြစ်သည် ဟု တရုတ်- မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက မတ်လလယ်ပိုင်းက သျှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောဆိုခဲ့ဖူးသည်။
“ဒီ လွယ်လန်း စခန်းကနေ ဆုတ်ပေး လိုက်ရင် နောက်ထပ် ဆုတ်စရာ နေရာ မရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲ ရှိတော့တယ်။ အဲဒီတောင်ကို ရသွားရင် ဝ နယ်က ပန်ဆန်းတို့ ပန်ယန်း အပါအဝင် မြို့တော် အတော် များများ အပေါ်စီ ရသွား တာပေါ့။ လက်နက်ကြီးတွေ တင်ပြီး ပစ်ရင် ဝ နယ်ကို ခြိမ်းခြောက် နိုင်ပြီဖြစ်တယ်” ဟု ဦးအောင်ကျော်ဇောက ပြောဆိုသည်။
အစိုးရ ခြေမြန်တပ်ရင်း ခမရ ၃၂၂ မှ အင်အား (၁၀၀) ခန့်နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က လွယ်လန်း တောင်အား စစ်ဆင် ခဲ့ရာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ထိုနေရာမှ ဆုတ်ခွာပေးရန် ရမခ မှ တာဝန်ရှိသူတဦးက SSPP ၏ လားရှိုုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံအား လာရောက် ပြောကြား ခဲ့သေးသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ထပ်မံ၍ ဖိအားပေး ပြောဆိုခဲ့ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အလားတူ မတ်လ (၁၂) ရက်နေ့ ညနေပိုင်းကလည်း တန့်ယန်းမြို့နယ်၊ မိုင်းကောင် တိုက်နယ်ရှိ SSA တပ်ရင်း ၁၉၂ အခြေစိုက်ရာ လွယ်စေးတပ်စခန်းအား အစိုးရ၏ ခလရ ၂၉၁၊ ခလရ ၃၃၊ ခမရ ၃၂၆ ပူးပေါင်းတပ်မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ပိတ်မိနေသည့် အစိုးရ တပ်ဖွဲ့ဝင်များအား ပြန်လည် ဆုတ်ခွာနိုင်ရန် SSA ဘက်မှ လမ်းကြောင်း ဖွင့်ပေးခဲ့ရာ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကျေးဇူးတင်ကြောင်းနှင့် ထပ်မံ၍တိုက်ခိုက် တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ဗိုလ်မှူးစိုင်းလက ဆိုသည်။
ထို့အပြင် “သူတို့ လာတိုက်တာဘဲ ကျနော်တို့ဘက်က မတတ်နိုင်ဘူး။ ပြန်တိုက်ဖို့ဘဲ ရှိတော့တယ်လေ။ ဒီ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး ဟာလဲ သူတို့ အစိုးရ တပ်ဖွဲ့တွေကဘဲ ဖျက်တယ် ဒီတော့ သူတို့ လာရောက် တိုက်ခိုက်တဲ့ အပေါ်မှာသာ မူတည် ပါတယ်။” ဟု ဆက်လက် ပြောဆိုသည်။
SSPP/SSA နှင့် အစိုးရ တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့က အပစ် အခတ် ရပ်စဲ ခဲ့သော်လည်း တိုက်ပွဲ ကြီးငယ်ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အကယ်၍ အစိုးရဘက်မှ SSPP အား ပြင်းထန်စွာ ထိုးစစ်ဆင် လာပါက ယခုတကြိမ် စစ်ဆင်ရေး တွင် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA လည်း ပါ၀င်လာနိုင်ကြောင်း စစ်ရေး အကဲခတ်များက သုံးသပ် ပြောဆိုသည်။