လူအများအပြား သေဆုံးခဲ့ရတဲ့ မီးလောင်ကျွမ်းမှု စုံစမ်းစစ်ဆေးဖို့ရှိ

လူအများအပြား သေဆုံးခဲ့ရတဲ့ မီးလောင်ကျွမ်းမှု စုံစမ်းစစ်ဆေးဖို့ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုဟာ ၀ါးနဲ့ဖက်တို့ဖြင့် ဆောက်လုပ်ထားတဲ့ ဒုက္ခသည် နေအိမ်ခေါင်မိုးပေါ်မှာ မီးစတွေ ကျလာရာကနေ စတင်လောင်ကျွမ်းခဲ့တယ် ဆိုတဲ့အကြောင်း မျက်မြင်တွေက ထိုင်းရဲတွေကို ပြောပြခဲ့တဲ့ အတွက် တောမီး ကနေစလောင်တာလား ဒါမှမဟုတ် ထမင်းချက်ရာကနေ ပေါ့ဆမှုကြောင့် လောင်တာလားဆိုတဲ့ အချက်နှစ်ခုပေါ် စုံစမ်းစစ်ဆေး မှု တွေပြုလုပ်သွား မယ်လို့သိရပါတယ်။

မီးလောင်မှုဖြစ်ပွားသော အမှတ် ၂ ကရင်နီဒုက္ခသည်စခန်း ချောင်းဘေးတနေရာ (ဓါတ်ပုံ - Karenni Futher Study Program (facebook))

မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ကရင်နီအမှတ်- ၂ ဒုက္ခသည်စခန်း ကော်မီတီ ဥက္ကဌ နော်ရှယ်လီသန်းက ကန္တာရဝတီတိုင်း(မ်)ကို ယခုလိုပြောပါတယ်။

"ပြောရတော့ခက်တယ် ကျမတို ့အနေနဲ ့ ရိုးရိုးမီးလောင်မှုလို ့ပဲ ပြောချင်တယ် ဒါပေမဲ့ ဒီလူထုတွေရဲ ့ပြောဆိုချက်အရ နည်းနည်းတော့ သံသယဖြစ်ချင်တယ် ဥပမာမီးက တနေရာနဲ ့ တစ်နေရာခုန်ကူး တာတို့ နောက်ပြီးတော့ဟိုး…. တဲကလေးနှစ်လုံးက စခန်းနဲ ့ ဘာမှ မဆိုင်ပဲနဲ့ မီးကလောင်သွားတာ တကယ်ဆို အဲဒါ နည်းနည်းစဉ်းစားစရာ ဖြစ်တာပေါ့။"

 မီးစလောင်တယ်ဆိုတဲ့ အိမ်ကိုမီးသွားရောက် ငြိမ်းသတ်ရာမှာ ပါ၀င်ခဲ့တဲ့ ဒုက္ခသည် လူငယ်တဦးက ယခုလိုရှင်းပြပါတယ်။

"ပထမဆုံး မီးဘယ်လိုစလောင်လဲ ဆိုရင် ဒီ..သူများပြောတာက ရပ်ကွက် ၁ မှာ မီးလောင်တယ်ပေါ့နော် မီးလောင်တော့ ကျနော် တို့ ပြေးတက်လာကြည့်တော့ ဒီနားလေးက ဦးလေး ဦးစောဘဦးအိမ်က လားမသိဘူး အဲ့ဒီမှာ စလောင်တာပေါ့နော် သူက မီးရှို့ သလိုမျိုး သူများပြောတာပေါ့။ ဒါပေမယ့် တကယ်တော့ မဟုတ်ဘူး လူကမရှိဘူး လူလည်းမရှိဘူး မီးလည်း မမွေးထားဘူး မီးက မတောက်ဘူးပေါ့နော်။ မီးကတခါတည်း အိမ်ခေါင်မိုးပေါ်ကနေ အထိပ်ကနေ အပေါ်ဆုံးကနေ အဖျားကနေ စလောင်ပလိုက်တာ မီးလောင်တာက ကျနော်ထင်တာက ရိုးရိုးလောင်တာ မဖြစ်ဘူး။ ဘယ်လိုပြောမလဲ ဒီမှာလောင်တယ်ဆို ဒီမှာငြိမ်းနေတာ ဟိုဖက် အဲ့လိုမျိုးသွားလောင်တာ ပြီးတော့ ဒီမှာလောင်ပြီးတဲ့ ချိန်မှာ ကျနော်တို့ ဘာလဲ ပြီးရင် ဟိုး အောက်ဆောင်မှာ လောင်တယ်"

ဒဏ်ရာရရှိသူ များအားကူညီကုသပေးနေစဉ် (ဓါတ်ပုံ - Karenni Futher Study Program (facebook))

ဒုက္ခသည်အများအပြား သေဆုံးခဲ့ရတဲ့ အခြေအနေကို သတင်းသွားရောက် စုဆောင်းတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက်တဦးက ယခုလိုပြောပါတယ်။

"ရပ်ကွက် ၁မှာ မီးစလောင်တော့ အော်လံနဲ ့ စခန်းအုပ်ချုပ်ရေးက ကြော်ငြာပေးတယ်ပေါ့နော်။ လာကူကြ ရပ်ကွက် ၁ မီးလောင်နေ တယ်ပေါ့လေ။ အဲတော့ သူများတွေက သွားကူနေကြတဲ့အချိန် ရပ်ကွက် ၄ ကလူတွေလည်းပဲ သွားကူကြတယ်တဲ့။ ကူရင်းနဲ့ ရပ်ကွက် ၄ မီးထပ်လောင်နေပြီ ပြောတော့ ရပ်ကွက် ၄ ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ရပ်ကွက်ဖက်ကို ပြန်သွားကြည့်တော့ မီးတော် တော့ကို လောင်ကျွမ်းနေပြီ ဆိုတော့ ပြန်ကူလို ့မမှီတော့ဘူး။ ပြေးလမ်းက ပိတ်ကုန်တော့ တောင်စောင်းဘက် ကို ပြေး တက်ကြ တဲ့အချိန်မှာ မီးလိုင်းတွေက ကြီးတော့ ဘာမှလဲ မလုပ်တတ်ကြတော့ဘူးတဲ့။ အဲဒါကြောင့် ရပ်ကွက်၄ ကလူတွေ အများကြီး သေဆုံးခဲ့ရတယ်။"

မတ်လ ၂၂ ရက်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်စူရင်း ဒုက္ခသည်စခန်း (ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း) မှ လူအများစုနေထိုင်တဲ့ ရပ်ကွက်နှစ်ခုလုံး မီးလောင်ကျွမ်းခဲ့တဲ့ အတွက် အမျိုးသမီးနဲ့ ကလေးအပါအဝင် လူ ၃၇ ဦးသေးဆုံးပြီး လူဦးရေ ၂၃၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

မီးလောင်မှုကြောင့် ရပ်ကွက်(၁) မှ ၂ ဦး ရပ်ကွက် (၄) မှ ၃၅ ဦးသေဆုံးခဲ့ပါတယ်။ တောမီးကနေ တဆင့်ကူးစက်ပြီး စလောင်ကျွမ်း တာလား ဒါမှမဟုတ် ဒုက္ခသည်တွေရဲ့ ပေါ့ဆမှုကြောင့် အိမ်မီးကနေ စလောင်တာလား ဆိုတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်း စစ်ဆေးနိုင်ဖို့ မယ်ဟောင်ဆောင် မြို့ဝန်က ရဲတွေကို မနေ့က စပြီး ညွန်ကြားချက် ပေးထားတယ်လို့ ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် အင်တာနက်သတင်းစာမျက်နှာမှာ ရေးသားထားပါတယ်။

ကောင်းကင်ပေါ်က မီးစတွေကျလာတာကို ဒုက္ခသည်အများစုတွေ့ရှိကြောင်း... ဘန်ကော်ပိုစ့်ကမှာ ဖေါ်ပြထားပါတယ်။