ဓါတ်ငွေ့စီမံကိန်းမှ စွန့်ပစ် ပစ္စည်းများက ဒေသခံ လုပ်ငန်းများ ထိခိုက်စေ

ဓါတ်ငွေ့စီမံကိန်းမှ စွန့်ပစ် ပစ္စည်းများက ဒေသခံ လုပ်ငန်းများ ထိခိုက်စေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ စွန့်ပစ် ပစ္စည်းများကြောင့်် ဒေသခံ လူထု၏ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများကို ထိခိုက်နေကြောင်း သတင်း ရရှိသည်။

ယခု လက်ရှိ ထိခိုက်ခံစားနေရသော ပြည်သူများမှာ ဓါတ်ငွေ့ သန့်စင် စက်ရုံ တည်ရှိရာ မလကျွန်းမှ ဖြစ်ကြောင်း သိရသည်။

ပင်လယ်ကမ်းခြေ တလျှောက်တွင် စွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ လုပ်ကိုင် စားသောက်ရန်  အခက်အခဲ ဖြစ်ပေါ် နေသည့် အခြေအနေကို မလကျွန်းဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

IMG 5272

“မလကျွန်း မြံုးချောင်းလို့ခေါ်တဲ့ စီမံကိန်း ဧရိယာကနေပြီး ကျွန်တော်တို့ လိပ်ခမော် ကမ်းခြေ တလျှောက် ၃ မိုင် လောက်မှာ အခု ဘိပ်မြေ အိတ်ဆိုးတွေ၊ တခြား ပစ္စည်းတွေ ထုတ်ပိုးခဲ့တဲ့ ပလပ် စတစ် အိတ်တွေကို ဒီအတိုင်း လွှင့်ပစ်ထားပါတယ်။ တချို့လည်း ကမ်းစပ်က သဲသောင်ပြင် အောက်မှာ ရွံ့နွံတွေ ဖုံးသွားတယ်။ တချို့လည်း သဲသောင်ပြင်တွေမှာ ပြန့်ကြဲနေပါတယ်။ အခု ဒီပလစတစ် အိတ်ဆိုးတွေကြောင့် ငါးတွေက မလာတော့ဘူး။ ကမ်းခြေတလျှောက်မှာလည်း  ငါးဖမ်းလို့ မရဖြစ်နေပါတယ်” ဟု ဆိုသည်။

ယခင်က ကမ်းခြေ တလျှောက်တွင် တနာရီခန့် ငါးရှာလျှင် ငွေကျပ်  ၃၀၀၀ ဖိုးခန့် ရရှိသော်လည်း  ယခုအခါ  ၃ နာရီခန့် ရှာဖွေ ဖမ်းဆီးလျှင်လည်း ၃၀၀၀ ဖိုးခန့် မရရှိတော့ကြောင်း သူက ဆိုသည်။

ဓါတ်ငွေ့ သန့်စင်စက်ရုံမှ ရေဆိုး ရေညစ်များကို ပိုက်လိုင်းမှတဆင့် ပင်လယ်ထဲသို့ စွန့် ပစ်ရန် ပိုက်လိုင်းများ၊ ရေကာဒိုင်းများ ဆောက်လုပ်ထားပြီ ဖြစ်သော်လည်း အဆိုပါ ရေဆိုး ရေညစ်များ မစွန့်ပစ်မှီကပင် ပလစတစ် အိတ်ဆိုးများကြောင့် သဘာဝ ပတ်ဝန်းကျင်ကို အထူး ထိခိုက်နေပြီ ဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ပင်လယ်ထဲရှိ ကျောက်ဆောင်၊ ကျောက်တန်းများကိုလည်း ပိုက်လုံး သွယ်တန်းရန် မိုင်းခွဲ ဖျက်ဆီးပစ်သဖြင့် ကမ်းနီးဒေသ ၀န်းကျင််တွင် ငါးများ မနေတော့ကြောင်း  လိပ်ခမော် ကျေးရွာမှ တံငါသည်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“မဒေးကျွန်းဆိုတာ ကျောက်ဖြူ ကြားထဲက ၀င်သွားရပါတယ်။ အဲဒီနေရာတွေမှာ ပိုက်လိုင်းတွေ ချဖို့ ရေထဲမှာ မြုပ်နေတဲ့ ကျောက်တန်းတွေကို မိုင်းခွဲပြီးတော့ ရေထဲမှာ စုပုံထားခဲ့ကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အယင်လို မိုရံ ပိုက်လို့ ခေါ်တဲ့ ဂျွန်းပိုက်ထောင်လို့ မရပြီ၊ ပိုက်နဲ့ ကျောက်တန်း၊ ကျောက်ပုံနဲ့ ငြိပြီး ပို်က်တွေ စုပ်ပြဲသွားတယ်။ လုပ်စားလို့ မရတော့ဘူး။ နောက်ပြီးတော့ ပင်လယ်ကျောက်တန်းတွေ ပျက်စီးသွားတော့ ကမ်းခြေတလျှောက်မှာ ငါးတွေလဲ မနေတော့ဘူး။ ဒါကြောင့် ငါးရှာစားရတာ အခက်အခဲ ဖြစ်နေကြပါတယ်” ဟု ဆိိုသည်။

IMG 5274

ယခုကဲ့သို့  ၃ မိုင်ခန့် ရှည်လျားသော ပင်လယ်ကမ်းခြေတလျှောက် တံငါလုပ်စားနေကြသော ကျေးရွာများမှာ ဂုံးချွိန်ကျေးရွာ၊ မလကျွန်းကျေးရွာ၊ လိပ်ခမော်ကျေးရွာနှင့် ဂေါ်ဒူကျေးရွာတို့ ဖြစ်သည်။

မြန်မာ အစိုးရ အာဏာပိုင်များမှ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ပျက်စီးသွားသော လယ်မြေများ အတွက် အဖိုးအခများ ထုတ်ပေးပြီး လျော်ကြေးများပေးနေသော်လည်း  ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိ်န်းကြောင့် ပင်လယ်ပြင်များ ပျက်စီးသွားသဖြင့် ငါးရှာဖွေ ဖမ်းဆီးရန် အခက်အခဲ ဖြစ်နေကြရသော ရေလုပ်သားများအား အတွက်ကိုမူ တစ်စုံတစ်ရာ လျော်ကြေး မပေးသလို သူတို့၏ အနာဂတ် အတွက်လည်း အစီအစဉ်များ တစ်စုံတစ်ရာ ချမှတ် ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week