လိုင်ဇာ ဒုက္ခသည်များကို ဗကသ ကူမည်

လိုင်ဇာ ဒုက္ခသည်များကို ဗကသ ကူမည်
by -
မဇ္ဈိမ

ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ စစ်ပြေး ဒုက္ခသည်များဆီသို့ အရောက်သွား၍ ကူညီမှုများ လုပ်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသား ခေါင်းဆောင် ၆ ဦး အင်္ဂါနေ့က တရုတ် နယ်စပ် ဂျယ်ဂေါင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒုက္ခသည် ကျောင်းသူကျောင်းသားများ၏ ပညာရေးနှင့် လူမှုရေးဆိုင်ရာများ ကူညီရန် သွားရောက်ခြင်း ဖြစ်သည်ဟု ဗကသ မှ သတင်းပြန်ကြားရေးကော်မတီမှ ကိုသီဟဝင်းတင် က ပြောသည်။

“ကျနော့်တို့ အလှူခံထားတယ်။ အဲဒါကို သွားလှူကြတာပါ။ IDP စခန်းမှာရှိတဲ့ ကျောင်းသားတွေကို အဓိက ထားမယ်။ သူတို့ ဘာတွေ လိုအပ်တယ်ဆိုတာ။ သူတို့ အခက်အခဲတွေကို ဘယ်လို ပူးပေါင်း ဝင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး သွားတာပါ”  ဟု မဇ္စျိမကို ပြောသည်။

ပြည်သူလူထု၏ စိတ်ထဲ နိုင်ငံရေး နိုးကြားမှု တခု ရရှိစေရန်နှင့် တိုင်းရင်းသားများ၏ ခံစားချက်အား သိရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ နယ်အသီးသီးသို့ အလှူငွေကောက်ခံခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က ကချင်စစ်ဘေးကြောင့် ပြည်သူတွေနဲ့ ကျနော်တို့နဲ့ တသားတည်းလို့ ခံစားရတယ်။ ကျနော်တို့
ကျောင်းသားတွေဆိုတာ ပြည်သူတွေရဲ့ ရင်သွေးတွေပဲ။ ပြည်သူတွေ ဒီလို ခံစားနေရတာကို ကျနော်တို့ လက်ပိုက်ကြည့်လို့ နေဖို့မသင့်ဘူး။ သူတို့ ဒုက္ခတွေ မျှဝေခံစားရတယ်”  ဟု ဆိုသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကောက်ခံရရှိသော အဝတ်အစား၊ ဆေးဝါးများနှင့် အလှူငွေများကို သွားရောက် လှူဒါန်းမည် ဖြစ်သည်။ ရရှိပြီး အလှူငွေ ပမာဏကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ခရီးစဉ်တွင် ဗကသ ဗဟိုလုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဒု-တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်၊ ဘဏ္ဍာရေးရာ ကော်မတီဝင် မဟန်နီဦး၊ သတင်းနှင့်ပြန်ကြားရေး တာယန်ခံ ကိုသီဟဝင်းတင်၊ တောင်ပိုင်းခရိုင်မှ ကိုသက်နိုင်ထွန်း၊ ကိုအောင်လှိုင်မင်းတို့ ပါဝင်ကြောင်း သိရသည်။

ထိုအဖွဲ့သည် မနက်ဖြန်တွင် လိုင်ဇာမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ၂၈ ရက်နေ့တွင် ဒုက္ခသည်များထံ သွားရောက် ကြည့်ရှု၍ လှူဒါန်းကြမည် ဖြစ်သည်။

နိုင်ငံ တဝှမ်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၃ ရက်နေ့က စတင် ဖြေဆိုခဲ့ကြသော်လည်း လိုင်ဇာ အပါအဝင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူ/သားများအတွက်မူ ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြမည် ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင်ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန်နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ မဇ္စျိမကိုပြောဆိုထား သည်။