ထိုင်းမြန်မာနယ်စပ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ အမှတ် ၂ မယ်စူရင်း ကရင်နီဒုက္ခသည်စခန်းသို့ ကယားပြည်နယ် အစိုးရက ငွေကျပ် သိန်း တရာ နှင့် အဝတ်ထုပ် ၂၉ ထုပ်ကို ကားဖြင့်စေလွှတ်ကာ သွားရောက် အကူအညီပေးရေး ဆောင်ရွက်နေတယ်လို့ ပြည်နယ် လူမှုရေးဝန်ကြီး ဦးကိုးရယ်က ပြောပါတယ်။
ဝန်ကြီးက "ကျနော်တို့ဒီ လောင်ပြီး သိသိ ချင်းလေ ကျနော်တို့ ဆောင်ရွက်ထားပေး တယ်လေ။ လောလောဆယ်တော့ ကျနော်တို့ အစိုးရ အဖွဲ့ အနေနဲ့က ဟိုးတနေ့ကပဲ ငွေ သိန်း၁၀၀ နဲ့ အဝတ်အစားပေါ့ ကျနော်တို့က ဆန်ပို့မယ်ဆိုလည်း ဆန်ပို့ဖို့မလွယ်ဘူးလေ။ လမ်းခရီးက နည်းနည်းကြမ်းတယ်ကော။ ဝေး လည်းဝေးတယ် ဆိုတဲ့ခါကျတော့။ ရှိတဲ့ငွေနဲ့ ၀ယ်ခြမ်းလို့ ရနိုင်မယ်ဆိုပြီး အဓိက ငွေကိုပဲ လှူဒါန်းတယ်ပေါ့နော။ နယ်စပ်လမ်းကနေပဲ သွားခိုင်းလိုက်တယ်။" လို့ပြောပါတယ်။
အကူအညီပေးတဲ့ နေရာမှာတော့ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် နဂါးအဖွဲ့အစည်း တို့နှင့်သာ နယ်စပ်လမ်းမှတဆင့် ကားဖြင့်စေလွှတ်ကာ အကူအညီပေးခဲ့ခြင်း သာဖြစ်ကြောင်းနှင့် တရားဝင် သံရုံးမှတဆင့် သွားရောက် ကူညီ ဖို့ရန်အတွက် ဆွေးနွေးထားခြင်းမရှိသေး ကြောင်းပြောပါတယ်။
"တရားဝင်သံရုံးနဲ့ကျတော့ ကျနော်တို့ ပထမတော့ ပြောထားဆိုထားတာတော့ မရှိဘူးလေ။ ကျနော်တို့ဒီက တတ်နိုင်သလောက် လူမှုရေး အနေနဲ့ပဲ ကူညီဆောင်ရွက် တာပဲရှိတယ်။ အသေအပျောက်လည်း များတယ် နောက်ပြီးတော့ အိမ်ခြေ ၄၀၀ ကျော်ဆိုတော့ နည်းတာမဟုတ်ဘူးလေ။ အဲဒါ ဒီကမြို့ပေါ်က လူတွေကော တခြားမြို့နယ်က လူတွေကော လာပြီးမှ ကူညီနိုင်တယ်ပေါ့။ ကျနော်တို့လည်း ၀င်လာမယ်ဆိုတာ မျော်လင့်ထားတဲ့ လူတွေပဲလေ။ ဒါပေမဲ့ ဒီမယ်စဲက နေတဆင့် ကျနော်တို့ ပို့ပေးဖို့လည်း စီအစဉ်ရှိတယ်" လို့ ဝန်ကြီးဦးကိုးရယ်က ဆက်ပြောပါတယ်။
နယ်စပ်မှ ဒုက္ခသည်တွေ အနေဖြင့် ပြည်တွင်းသို့ မိမိအစီအစဉ်ဖြင့် ပြန်လာနေချင်သည့် သူများကိုတော့ ပြည်နယ်အစိုးအနေဖြင့် စားရေးသောက်ရေးကို ကူညီပေးမယ်လို့ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ယခုလိုပြောပါတယ်။
ဝန်ကြီးဦးပိုးရယ်ရန်အောင်က " အကယ်၍ သူတို့စားဖို့ နေဖို့ထိုင်ဖို့ မရှိဘူးဆိုရင် ရပ်ရွာကို ပြန်ချင်တယ်… ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုရင် ပြန်လာနေလို့ ရတယ်ထင်ပါတယ်။ တချို့လူတွေ ပြန်နေကြတာပဲလေ။ ရှားတောဖက်တွေမှာပေါ့။ ကိုယ့်အစီအစဉ် နဲ့ ပြန်လာမယ် ဆိုရင် ရောက်ရင်တော့ စားဖို့သောက်ဖို့ ကြည့်ကူညီလို့ ရတာပေါ့နော။" လို့ ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ အမှတ် ၂ ကရင်နီ ဒုက္ခသည်စခန်း ရပ်ကွက် ၁ နှင့် ၄ မီးလောင်ကျွမ်းမှုမှာ သေဆုံးသွားကြတဲ့ စုစုပေါင်း လူဦးရေ ၃၇ ဦးအနက် ရပ်ကွက် ၄ က ၃၅ ဦးဖြစ်ပြီး ရပ်ကွက် ၁ ဘက်က ၂ ဦးဖြစ်ကြောင်း ကန္တာရဝတီတိုင်းမ် သတင်းထောက်ရဲ့ သတင်းပေး ပို့ချက်အရ သိရပါတယ်။ ရပ်ကွက် ၁ က ကရင်မျိုးနွယ်စု အများစုနေထိုင်ကြပြီး ရပ်ကွက် ၄ က ကယားလူမျိုး အများစုနေထိုင်ကြတဲ့ ရပ်ကွက်ဖြစ်တယ် လို့ သိရပါတယ်။