ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်ရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့တခု ယမန်နေ့ ညနေပိုင်းက ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း KIA အရာရှိ တစ်ဦးက ပြောဆိုသည်။
“ကျနော်တို့ ရှိတဲ့ လွယ်ခေါင် ဒေသကို သူတို့ စစ်ကြောင်း (၃) ကြောင်းနဲ့ ဝင်လာတော့ ကျနော်တို့ တပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ ပြီး (၁) နာရီခန့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်စလုံး ထိခိုက် ဒဏ်ရာရတဲ့ သတင်းတော့ ကြားရပေမဲ့ အသေး စိပ်တော့ မရရှိသေးဘူး” ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ရှော်၊ မန်လွန်ကျေးရွာ တောင်ဘက်မှ ထိုးစစ်ဆင် လာသော အစိုးရ စစ်ကြောင်း (၃) ကြောင်းသည်၊ လွယ်တောင် ဒေသ နားတီး- မာန်ကန်ရွာတွင် စခန်းချ တပ်စွဲ ထားသည့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) တပ်ဖွဲ့ ဝင်များအား ယမန်နေ့ မတ်လ (၂၄) ရက်နေ့ ညနေ (၃) နာရီခွဲ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၂၂ ရက်နေ့ ကတည်းက ကွတ်ခိုင်မြို့နယ် နမ့်လိတ်တောင်၌ တပ်စွဲ ထားသည့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) တပ်ဖွဲ့ဝင်များအား ဆုတ်ခွာ ပေးရန် အစိုးရတပ်က ရာဇသံ ပေးခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နမ့်လိတ်တောင်တွင် တပ်စွဲခွင့်ရှိကြောင်း KIA ဘက်မှ တုန့်ပြန်ပြော ဆိုလိုက်သည့်နောက် ထိုနေ့ညနေပိုင်းက အစိုးရတပ်၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း KIA ဘက်က ပြောဆိုသည်။
လွန်ခဲ့သည့် မတ်လ (၁၉) ရက်နေ့ကလည်း ပန်းကန်ဖက်ရှိ KIA တပ်စခန်းတခုအားဖယ်ရှားပေးရန် အစိုးရတပ်က အကြောင်းကြားလာသည့်အပေါ် KIA ဖက်က ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေးအတွက် KIA နှင့် အစိုးရ နှစ်ဖက် ကိုယ်စားလှယ်များ ဖေဖော်ဝါရီလ (၄) ရက်နှင့် မတ်လ (၁၁၊ ၁၂) ရက်နေ့များက တွေ့ဆုံဆွေးနွေးခဲ့ရာ တိုက်ပွဲ အရှိန်လျော့ချရေး ကိစ္စ သဘောတူခဲ့ကြပြီး ၎င်းတို့ အနေဖြင့် ခုခံစစ်အဖြစ်သာ လှုပ်ရှားရန် အောက်ခြေ တပ်များထံ ညွှန်ကြားထားကြောင်း KIA ဖက်က ပြောဆိုသည်။
ယင်းသဘောတူညီချက်အရ ကချင်ပြည်နယ် အပါအဝင် အခြားဒေသများတွင် တိုက်ခိုက်မှုများ လျော့ကျသွားသော်လည်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အပေါ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းနှင့် နီးကပ်သည့် ဒေသတလျှောက် အစိုးရတပ်က ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ လှုပ်ရှားနေခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး အကဲခတ်များက သုံးသပ်ပြောဆိုသည်။