၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ တို်င်းရင်းသားတို့ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူထုတွေ ပိုမိုသိရှိနားလည် သဘောပေါက်လာနိုင်အောင် ပညာပေးအစီအစဉ်တွေ ဆက်လုပ်ပေးဖို့ရှိတယ်လို့ KNGY Kayan New Generation Youth ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြောပါတယ်။
“ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တခုဖြစ်တဲ့ ပညာပေးအစီအစဉ်တခုဖြစ်တဲ့ ပထမဆုံးဖွဲ့စည်းပုံရဲ့ မပြည့်စုံမှု၊ လိုအပ်မှု တို့ကနေ ငြိမ်းချမ်းရေးတွေ ကျနော်တို့ တိုင်းရင်းသားအရေးတွေကို အာမခံချက် မပေးဘူးဆိုတာကို ကျတော်တို့ ပညာပေးမှာပဲ။ ပြီးတော့ ဒီလိုမျိုးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ ကျတော်တို့ ပေါင်းစည်းပြီးတော့မှ၊ နိုင်ငံရေးပါတီတွေနဲ့ ပေါင်းစည်းပြီးတော့မှ အောင်မြင်သွား တဲ့အထိ တောင်းဆိုသွားမယ့် အစီအစဉ် ဖြစ်ပါတယ်”
မတ်လ၂၄ ရက်မှ ၂၆ ရက်အထိမိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာမှာ ကျင်းပတဲ့ ပဥ္စမအကြိမ်မြောက် ကယန်းမျိုးဆက်သစ်လူငယ် ညီလာခံမှ KNGY ရဲ့ ဒု-အတွင်းရေးမှူး ခွန်းဘီးဒူကနေ ကန္တာရဝတီတိုင်းမ် ကိုပြောပြသွားတာပါ။
“နိုင်ငံရေးပါတီရဲ့ အခုလောလောဆယ် လှုပ်ရှားမှုအခြေအနေက အင်မတန်အားနည်းပါတယ်။ အားလည်းမရဘူး။ လူငယ်ပိုင်းကနေ ပါဝင်ဖြည့်စွက် ကူညီပေးပါ” ညီလာခံတက်ရောက်လာတဲ့ ကယန်းအမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဆရာမှိုင်းကနေပြီး လူဦးရေ ၄၀၀ ခန့်တက်ရောက်တဲ့ အခမ်းအနားမှာ ပြောကြားသွားတာပါ။
KNGY ကိုစစ်အစိုးရလက်ထက်၂၀၀၂ ခုနှစ် ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူငယ်ဖွံ့ဖြိုးရေးပညာပေးခြင်း ကိစ္စရပ်တွေကို အန္တာရာယ်များကြားထဲက အဓိကထားလုပ်ဆောင် လာခဲ့ကြတာပါ။
ယခုလိုမျိုး လူထုတွေကို ပညာပေးခြင်းများပြုလုပ်ရင်း ၂၀၁၀ ခုနှစ်က အဖမ်းခံရပြီး မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာတဲ့ ခွန်းဘီးဒူကနေ ဒီတနှစ် ညီလာခံရဲ့ ထူးခြားမှုကို ပြောပြသွားပါတယ်။
“ဒါပေမယ့် ဒီနှစ်ညီလာခံကတော့ နည်းနည်းထူးခြားပါတယ်။ ကျတော်တို့ ဒီလူငယ်တွေအားလုံးကို တစုတစည်းတည်းနဲ့ ဖွဲ့စည်းဖို့ အစီအစဉ်ရှိပါတယ်။ အဲ့ဒါကျနော်တို့ လူငယ်တွေကို တခုတည်း ပြန်ဖွဲ့သွားမယ်၊ ပြီးတာနဲ့ ကျတော်တို့ ဒီလူငယ် လုပ်ငန်းစဉ်တွေကို ချမှတ်မယ်၊ အကောင်ထည်ဖော်မယ် ဆိုတော့ ခါတိုင်းကျတော်တို့ လှုပ်ရှားနေတာထက် အများကြီးပိုပြီးတော့ လုပ်နိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”