သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့တွင် ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲအား မတ်ချ်လ ၂၀ မှ ၂၂ ရက်အထိ ၃ ရက်ကြာကျင်းပရာ အစည်း အဝေးတက်ရောက်သည့် နိုင်ငံရေးပါတီ ၁၀ ပါတီနှင့် လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ရှိကြောင်း သိရသည်။ ထို့အပြင် လေ့လာသူအဖြစ် တက်ရောက်လာသည့် ပြင်ပအဖွဲ့အစည်း ၂၂ ဖွဲ့ရှိကြောင်းလည်းသိရသည်။ အစည်းအဝေး နောက်ဆုံးရက်ဖြစ်သော မတ်လ ၂၂ ရက် ၄ နာရီမှ ၄ နာရီ မိနစ် ၅၀ ခန့်အထိ သတင်းစာရှင်း လင်းပွဲ နှင့်အတူ သဘောထားထုတ်ပြန်ကြေငြာချက် ၆ ချက်ကိုထုတ်ပြန်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် သတင်းသမားများ၏ မေးမြန်းချက်များနှင့် ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂိုလ်များ၏ ဖြေကြားချက်များကို အောက်ပါအတိုင်းတင်ပြလိုက် ပါသည်။
မေး- လာမယ့် ဆွေးနွေးပွဲကို ဘယ်လိုဆက်လုပ်သွားမလဲ။
ဖြေ- သျှမ်းချည်းချည်းလုပ်လို့မရပါဘူး။ သျှမ်းပြည်နယ် အဆင့် ကယားပြည်နယ်အဆင့်ပြီးတဲ့ နောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာပါ၀င်လာအောင်လုပ်သွားမယ်။ အစိုးရလုပ်လာလို့ရှိရင်လည်း အစိုးရနဲ့ အံဝင်ဂွင်ကျဖြစ်အောင်ညှိနှိုင်းပြီးတော့လုပ်ဆောင်သွားမယ်။
မေး-အပစ်ရပ်စဲရေးအခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ-အပစ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ကျိုင်းတုံမှာ ဒု-ကာချုပ်ကပါ၀င်ပြီးတော့မှ အပစ်ခတ်ရပ်စဲရေး ကိုလုပ်ဆောင်ခဲ့တယ်။ အဲတာပြီးတော့လဲတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ တခါတလေ အစိုးရဘက်က တာဝန်မယူနိုင်သလိုလို ပြောလာတာရှိတယ်။ ကရင်ပြည်နယ်ကို သွားတုန်းကလည်း ဦးအောင်မင်းက ပြောဖူးတယ် - ဟိုကလည်း နားမထောင် ဒီကလည်းနားမထောင် ဖြစ်နေတယ်လို့ကြားရတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ အပစ်ရပ်စဲရေးဟာ အခုစိတ်ချရမယ့် အခြေအနေတော့ မဟုတ်သေးဘူး။
မေး- အခုလွှတ်တော်ထဲမှာအခြေခံဥပဒေပြန်လည်လေ့လာဖို့အဖွဲ့တွေဖွဲ့နေပြီ။ ဘယ်လိုလုပ်မလဲ။
ဖြေ- အခုကျနော်တို့ သျှမ်းနဲ့ ကယားနဲ့ ဆွေးနွေးတာဘဲရှိသေးတယ်။ တူညီတဲ့သဘောတူညီချက် ကိုရယူဖို့ ဆက်လက်လုပ်သွားရမယ်။ ပြီးမှ အခြေခံဥပဒေကိုပြင်ဆင်ရမယ်။ သို့မဟုတ် အသစ်ရေးရမယ်။ သို့မဟုတ် လွှတ်တော်ကလုပ်ဆောင်နေတာနဲ့ ချိတ်ဆက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
မေး - အက်အဲန်ဒီဖီတို့ ဒဗလျူဒီဖီတို့ မတက်ရောက်နိုင်တာ ရှေ့ဆက်လုပ်ရင် ဖိတ်ကြားမလား။
ဖြေ- အဲတာတော့ သေချာပေါက် ကျနော်တို့ဖိတ်မှာဘဲ။ ဘာကြောင့်မလာတာတော့ မသိရပါဘူး။ ရှေ့ဆက် အစည်း အဝေးလုပ်လို့ရှိရင် ကျနော်တို့ဖိတ်ခေါ်သွားမှာပါ။ ကျနော်တို့ သပိတ်မှောက်မှုတော့မရှိပါဘူး။
မေး- တပ်မတော်ကိုကောဖိတ်မလား
ဖြေ- အခုအဆင့်မှာတော့ မဖိတ်သေးပါဘူး။ ကျနော်တို့ အခြေခံဥပဒေ ပြင်ဆင်ရမယ်၊ အသစ်ထပ်ရေးရမယ် ဆိုရင်တော့ဖိတ်ကိုဖိတ်ရမှာပါ။ လာတက်ပေးဖို့ အထူးအနူးအညွတ် ပန်ကြားရမှာပါ။
မေး- အပစ်ရပ်စဲရေးပျက်မယ့် အနေအထား ရှိပါသလား။
ဖြေ- အပစ်ရပ်ပျက်မှာစိုးလို့ အခုလည်း ကျနော်တို့ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အဆင့်မှာဘဲ ရှိပါတယ်။ ဒီထက် ကြီးမားတဲ့ စစ်ဆင်ရေးရှိလာရင် အပစ်ရပ်ရေး ပျက်ချင်ပျက်ဆိုတဲ့ လုပ်ဆောင်မှုတွေ ရှိလာမယ် ဆိုရင်တော့ တပ်မတော်အပေါ်မှာဘဲ ရှိပါတယ်။
မေး- တပ်မတော်တခု တိုင်းပြည်တခုတည်းရှိဖို့ဆိုတာကော ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုအခြေအနေမှာ လက်နက်စွန့်ပြီး ပါတီထောင်မလဲ။
ဖြေ- တိုင်းပြည်တခု တပ်မတော်တခုဆိုတဲ့မူကို ကျနော်တို့ဘယ်လိုမှ မဆန့်ကျင်ပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဘယ်လိုဖြေရှင်းမယ် ဆိုတဲ့အပေါ်မှာဘဲ မူတည်ပါတယ်။ လက်နက်စွန့်ပြီး ပါတီဖွဲ့မယ် မဖွဲ့မယ်ဆိုတာလည်း ဒီအပေါ်မှာဘဲ မူတည်ပါတယ်။
မေး- အခုအခြေခံဥပဒေ လေ့လာရေးကော်မတီအပေါ် ဘယ်လောက် ယုံကြည်မှု ရှိနိုင်ပါသလဲ။
ဖြေ- ကျနော်တို့ ဟိုးအရင်တုန်းက ပြောသလိုဘဲ လမ်းညွန်မူ ၈ ချက်ထဲက ၁-၄ ကိုဆန့်ကျင်ဖို့မရှိဘူး။ ၅ ကနေ ၈ ကိုတော့ အခုချိန်ထိ သဘောမတူနိုင်သေးပါဘူး။ အခုကျနော်တို့က လောက်လေးစာမိတဲ့ စာကလေးလိုဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ အခြေခံဖွဲ့စည်းပုံ လေ့လာရေးကော်မတီက ဘယ်လိုရုပ်ပုံပေါ်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ်။ ခုတော့မသိသေးပါဘူး။
၃ ရက်တာဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာချက် ၆ ချက်အကြမ်းဖျင်းအား အောက်ပါအတိုင်း တင်ပြလိုက် ပါသည်။
၁- တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရန်
၂- နယ်မြေအတွင်း တပ်မတော်မှ စစ်အင်အားတိုးချဲ့မှု တိုက်ခိုက်မှုများကို ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အန္တရယ်ရှိပြီး အပစ်ရပ်စဲရေး ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သော ပြဿနာဖြစ်သည်။
၃- နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် လိုအပ်သည်။
၄- ၂၀၀၈ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန်သော် လည်းကောင်း သို့မဟုတ် အသစ်ရေးရန်သော် လည်းကောင်း ပင်လုံကိုအခြေခံသော ညီလာခံကြီး ကျင်းပရမည်။
၅- တရားဥပဒေစိုးမိုးမှုကိုပျက်ပြားစေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချသည်။
၆- သင့်လျော်သော ဆွေးနွေးပွဲများကို အနာဂတ်တွင် ထပ်မံပြုလုပ်သွားမည်။