မိတ္ထီလာ အရေးအခင်း တင်းကြပ်စွာ ထိန်းသိမ်းရန် ကုလနှင့် AI တို့ တိုက်တွန်း

မိတ္ထီလာ အရေးအခင်း တင်းကြပ်စွာ ထိန်းသိမ်းရန် ကုလနှင့် AI တို့ တိုက်တွန်း
by -
မဇ္စျိမ

မိတ္ထီလာမြို့နယ်တွင် စိတ်မကောင်းဖွယ််ရာ လူသေဆုံးရမှုနှင့် ဖျက်ဆီးမှုများအတွက် လွန်စွာ ဝမ်းနည်းရ ပါကြောင်း ရန်ကုန်မြို့သို့ ကြာသပတေးနေ့ ညနေက ရောက်ရှိလာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေ နမ်ဘီးယား က ပြောဆိုလိုက်သည်။

“အသက်ဆုံးရှုံးမှုများနှင့် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အာဏာပိုင်များက တင်းကျပ်စွာ ဆောင်ရွက်ပြီး လူမှုအစုအဖွဲ့များကြား ညီညွတ်အဆင်ပြေကြစေရန် တိုးမြှင့်ဆောင်ရွက်မှုနှင့် လူထုအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရေးကို ဆက်လက် လုပ်ဆောင်ရန်မှာ အရေးအကြီးဆုံး ဦးစားပေးအလုပ် ဖြစ်သည်” ဟု ၎င်း၏ကြေညာချက်တွင် ပါရှိသည်။

မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တခုတွင် အငြင်းပွားရာမှ စတင်ခဲ့သည့် ပဋိပက္ခမှာ အဓိကရုဏ်း အသွင် ကျယ်ပြန့် လာခဲ့ပြီး အုပ်စုလိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

“ယင်းကိစ္စမှာ လူမှုအဖွဲ့အစည်းအတွင်းမှ အဖွဲ့အစည်း အသီးသီးတွင် တာဝန်ရှိပါသည်။ ဘာသာရေး ခေါင်းဆောင်များနှင့် အခြားလူမှုအစုအဖွဲ့ခေါင်းဆောင်များက မိမိတို့အဖွဲ့ဝင်များအား အကြမ်းမဖက်ကြရန်၊ တရားဥပဒေကိုလေးစားပြီး ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းရမည်” ဟုဆိုသည်။

အာဏာပိုင်များအနေဖြင့် စဉ်ဆက်မပြတ် သတိဝီရိယ ရှိရန် လိုအပ်သော်လည်း အခြေအနေတည်ငြိမ်သွား မည်ဟုမျှော်လင့်ကြောင်း မစ္စတာ နမ်ဘီးယား က ထုတ်ပြန်ကြေညာသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ကလည်း အာဏာပိုင်များအနေနှင့် အကြမ်းဖက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူ့အဖွဲ့အစည်းကို ထိထိရောက်ရောက် ကာကွယ်သင့်ကြောင်း မတ်လ ၂၁ ရက်နေ့က တိုက်တွန်းလိုက်သည်။

“နောက်ဆုံး ရရှိတဲ့ သတင်းတွေကတော့ စိတ်ပူစရာပါပဲ။ အခုဆိုရင် မွတ်ဆလင် ဘာသာဝင်များနဲ့ ဗုဒ္ဗဘာသာဝင်များကြား ဘာသာရေးအရ တင်းမာမှုတွွေဟာ နိုင်ငံရဲ့ ဒေသအတော်များများကိုပါ ကူးစက်လို့ နေပါပြီ။ အာဏာပိုင် များကနေပြီး ဒီအခြေအနေကို တွေ့ကြံု ခံစားနေရတဲ့ သူတွေကို အမြန်ဆုံး ကာကွယ်မှု မပေးနိုင်ရင် နောက်ဆက်တွဲ ပိုပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု အာရှပစိဖိတ်ဆိုင်ရာ AI ဒုညွှန်ကြားရေးမှူး Issabelle Arradon က သတိပေး ပြောဆိုသည်။

ဆက်လက်၍ “အခု ဖြစ်နေတဲ့ ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးနိုင်မှသာ အခြေအနေကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်” ဟုလည်း ဆိုသည်။

အစ္စလာမ် ဘာသာဝင်တို့၏ ဗလီများ၊ အစိုးရ အဆောက်အဦများနှင့် လူနေအိမ် အများအပြား မီးရှို့ဖျက်ဆီးခံရသော မိထ္ထီလာ အဓိကရုဏ်းမှာ ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ခဲ့သည့် ရခိုင် ပြည်နယ်တွင်း ပဋိပက္ခများမှ ဆက်လက်ဖြစ်ပေါ် လာသည့် တင်းမာမှုများကြောင့် ဖြစ်သည်ဟု AI က ဆိုသည်။

“မြန်မာ အာဏာပိုင်တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြံုမှုကို ကာကွယ်ပေးရမယ့် တာဝန် ရှိပါတယ်။ တဆက်တည်းမှာပဲ လူမျိုးစုတိုင်းကို ခွဲခြားခြင်း မရှိဘဲ သူတို့ရဲ့ လုံခြံုရေးကို အာမခံပေး နိုင်ရမယ်။ ဒီအကြမ်းဖက်မှု သံသရာကြီး ဆက်မလည်ပတ်နေစေဖို့ရာ သိပ်ကို အရေးကြီးပါတယ်” ဟု Arradon က ဆက်လက် ပြောကြားသည်။

ပြဿနာများ စတင်ဖြစ်ပွားသည့် မတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ရဲများက စောင့်ကြပ်လျက်ရှိကာ အာဏာပိုင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များ၊ ရပ်မိရပ်ဖများနှင့်
နိုင်ငံရေးပါတီများကလည်း ဝင်ရောက် ထိန်းသိမ်းပေးလျက် ရှိသည်။

ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော လူမှုပဋိပက္ခများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကော်မရှင် တရပ်အား ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ၎င်းစစ်ဆေးမှု ရလဒ်များကို ယခု မတ်လကုန်တွင် သမ္မတထံ တင်ပြကာ တရားဝင် ထုတ်ပြန်မည် ဟု AI က ခန့်မှန်းထားသည်။