ကန် ဒုနိုင်ငံခြားရေး ၀န်ကြီး လွိုင်ကော်တွင် မြေမြုတ်မိုင်းကိစ္စဆွေးနွေး

ကန် ဒုနိုင်ငံခြားရေး ၀န်ကြီး လွိုင်ကော်တွင် မြေမြုတ်မိုင်းကိစ္စဆွေးနွေး
by -
ရွှေဟင်္သာ

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ် ရေး အတွက် မတ်လ ၂၀ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့သော ကရင်နီ တိုးတက်ရေး ပါတီမှ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် Daneil က ဆိုသည်။

DereK 02

“ကျနော်တို့ လက်နက်ကိုင် အင်အားစုနဲ့ လွိုင်ကော်မြို့က ကယားပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ကလလတ) ရုံးမှာ မနက်၁၀ နာရီကနေ ၁၂ နာရီအထိ တွေ့ပါတယ်။ လက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့ ပါတယ်။ သူတို့ကတော့ အမေရိကန် အစိုးရရဲ့ မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ်ရေးနဲ့ ပညာပေးရေး လုပ်ငန်း ကိစ္စတွေပေါ့ အဲဒီအတွက် အစိုးရ အဖွဲ့အစည်းတစ်ခုကို အကူအညီ ပေးဖို့ ရှိတယ်။ ဒါကို ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ကြဖို့ လာပြီး တိုက်တွန်းတဲ့ ပွဲလို့ပြောလို့ ရပါတယ်” ဟု ဆိုသည်။  

ယင်းတွေ့ဆုံပွဲတွင် Mr. Rick Barton သည် ကယားပြည်နယ် အတွင်းရှိ KNPP၊ KNPLF၊KNSO၊ KNLP၊ KNPDP၊ KNDP အဖွဲ့အစည်း များမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား အမေရိကန်နိုင်ငံ၏ မြေမြှုပ်မိုင်း ဆိုင်ရာ ပညာပေး လုပ်ငန်းများတွင် အကူအညီ ပေးရန် တောင်းဆို ခဲ့သည်။

ကရင်နီ တိုးတက်ရေး ပါတီ (KNPP) အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများသည်၊ စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး မရသ၍ မြေမြှုပ်မိုင်း ကိစ္စ ဖြေရှင်းရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း၊ ထို့အတူ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အပါ၀င် အခြေအနေ တည်ငြိမ်မှု ရှိရေးသည်လည်း အစိုးရ အပေါ်တွင်သာ မူတည်နေကြောင်း တင်ပြခဲ့သည်။
 
အမေရိကန် အစိုးရ၏ မြေမြှုပ်မိုင်း အစီစဉ်ကို တိုင်းရင်းသား အဖွဲ့များက လက်ခံသဖြင့် ပထမအဆင့် အနေဖြင့် မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးရန် သဘော တူညီ ခဲ့ကြသည်ဟု ဆိုသည်။

ဤဆွေးနွေးပွဲသို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်  ပဋိပက္ခဖြေရှင်းရေးနှင့် တည်ငြိမ်မှု တည် ဆောက်ရေး လုပ်ငန်း အဖွဲ့ အကြီးအကဲလည်း ဖြစ်သည့် Mr. Rick Barton နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့မှ ဦးဆောင်ပြီး ကိုယ်စားလှယ် (၆) ဦး တက်ရောက် ခဲ့ကြသည်။

ထို့အပြင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနှင့် အဖွဲ့သည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး အပါ၀င်၊ ကယားပြည်နယ် အတွင်းရှိ အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် လွိုင်ကော် တက္ကသိုလ် ကျောင်းသားများကို လည်း တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ မြေမြှုပ်မိုင်း အသုံးပြုသော နိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု ပဥ္စမမြောက် အများဆုံးနိုင်ငံဖြစ်သည်ဟု မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အဖွဲ့၏ နောက်ဆုံး ထုတ်ပြန ်ခဲ့သော အစီရင်ခံစာက ဆိုသည်။