ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတွေ ကယားပြည်နယ်ကို မတ်လ (၂၀) ရက်နေ့က လာရောက်လေ့လာ ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Frederick Durrie Barton နှင့်အတူ အမေရိကန်သံအမတ် Mr.Derek Mitchell တို့ လိုက်ပါလာခဲ့ကြပါတယ်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် မြေမြုတ်မိုင်း ရှင်းလင်းရေး ကိစ္စတွေကို ဆွေးနွေး သွားကြပါတယ်။
"နယ်မြေစုံ မရောက်ဖူးလို့ နယ်မြေစုံရောက်အောင်လာတယ်။ ပြည်နယ်အစိုးရနဲ့တွေ့တယ်။ အပြင်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့တွေ့မယ်။ ပြီးရင် အသံတွေ နားထောင်သွားမယ်။ ဗဟုသုတအနေနဲ့လာ တာပါ။ ပြည်နယ်အစိုးရနဲ့က ငြိမ်းချမ်းရေးလုပ်တဲ့ လုပ်ငန်းစဉ်တို့ မြေမြုပ်မိုင်းရှင်းလင်းရေးတို့ မြေမြုပ်မိုင်းနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အကူအညီပေးရေးတို့တွေ ကမ်းလှမ်းသွားတယ်"
ပြည်နယ်အစိုးရ အစည်းအဝေးခန်းမတွင် ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသွားတာဖြစ်ပါတယ်။
ထို့နောက် ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွှတ်မြောက်ရေး တပ်ဦး က.လ.လ.တ အဖွဲ့ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ငြိမ်းချမ်းရေးယူထားတဲ့ အခြား အဖွဲ့အစည်းတွေနဲ့ ပန်ကန်းရွာတွင် တွေ့ဆုံကြပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ လွိုင်ကော်မြို့ဆက်ဆံရေးရုံးမှ ခူဒယ်နီယာက "အဓိက ကတော့ ဒီပြည်နယ်ထဲမှာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေနဲ့ ဘယ်လိုရှိလဲ ဆိုတာ တွေပေါ့ နောက်ပြီးတော့ ဒီအဖွဲ့အစည်းတွေ အချင်းချင်းက အခြေအနေ ဘယ်လိုရှိလဲ အဲဒါပဲ အဓိက ဆွေးနွေးတယ်။ နောက်ပြီးတော့ ဘာတွေ ဆက်လုပ်မလဲပေါ့။ ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘာတွေ ဆက်လုပ်လဲ" ဟု ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒေသတွင်း လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပြတိုက်နှင့် တက္ကသိုလ်ကျောင်းသို့ သွားရောက်လေ့လာ သွားကြပါတယ်။