သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်အနီးရှိ ကျေးလက်လူထု၏ တောင်ယာထဲသို့ မြန်မာစစ်တပ်မှ ယမန်နေ့ က လက်နက်ကြီးများ စက်သေနတ်များဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုင်းနယ်စပ်သို့ ထွက်ပြေး ရောက်ရှိသည့် ဒေသခံများ ပြောပြချက်အရ သိရသည်။
“ကျနော့် ယာဘေးက ယာထဲကို ပစ်ချတာ။ အားဟုန်ဆိုသူရဲ့တောင်ယာ လုပ်ကွက်ပေါ့။ သျှမ်းစစ်သားတွေ လာတယ်ဆိုပြီး လိုက်ပစ်တဲ့သဘော။ ဒါပေမယ့် အဲဒီမှာ ဘယ်သူမှ မရှိဘူး၊ ကျနော်လဲ ကြောက်ကြောက်နဲ့ ဒီဘက်ခြမ်းကူးလာတာ” ဟု တောင်ယာ လုပ်သားတဦးက ပြောဆိုသည်။
ပစ်ခတ်မှုကြောင့် တောင်ယာအနီး အလုပ်လုပ်ကိုင်နေသည့် အရပ်သား ၁၀ ဦးခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားသည့် ဒေသအနီး သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင် တစ်ဦးမှ မရှိကြောင်း ဒေသခံ SSA အရာရှိတဦးကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ “ကျနော့်အမြင်ကတော့ အစိုးရတပ် လုပ်ရပ်က တပ်မတော် အာဏာ ပြန်ရှိလာအောင် ငြိမ်းချမ်းရေးကို တမင်ဖျက်ဆီးချင်တာဘဲ လို့ပြောချင်တယ်။ သစ်ပင်လှုပ်တိုင်း၊ မီးခိုးထွက်တိုင်း ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာက အပစ်မရပ်ခင်ကာလက အနေအထား အတိုင်း လုပ်နေတာ။ တောင်သူယာသားတွေရှိနေရင် အကုန်သေမှာ ပေါ့” - ဟု အဆိုပါ RCSS/SSA အရာရှိက သုံးသပ် ပြောဆိုသည်။
ထို့အပြင် မတ်ခ်ျလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၁ နာရီခွဲခန့်အထိ ဟိုမိန်းမြို့နယ်ခွဲအတွင်း လွယ်နဂါး တောင်ကြောဘက်သို့ ဝမ့်ပန် (နမ့်ဟူးဖရား ထမ့်) ပြည်သူ့စစ်အဖွဲ့မှ အယောက် ၄၀၊ မတ်ကျိုင်း ပြည်သူ့စစ် ၂၀၊ နားယိုင်း ပြည်သူ့စစ် ၂၀ တို့အပြင် ဟိုမိန်းပြည်သူ့ စစ်တို့ ပါ၀င်သည့် အင်အား ၁၆၀ ကျော်နှင့် မြန်မာ အစိုးရတပ် ခလရ ၂၈၇ တို့ ပူးပေါင်း၍ စစ်ကြောင်းလှည့်လာသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ အစိုးရ စစ်ကြောင်းနှင့်အတူ ပွိုင့်ထိုးပေးရသည့် ပြည်သူ့စစ်တပ်ဖွဲ့မှ ဒုဗိုလ်အဆင့် ရှိသူက တောင်ယာအနီးထောင်ထားသည့် မိုင်းတလုံး နင်းမိကာ ပွဲခြင်း ပြီးသေဆုံးသွားသောကြောင့် ထိုကဲ့သို့ တောင်ယာဘက်သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့စစ်နှင့် နီးစပ်သူတဦးက ပြောသည်။
အစိုးရနှင့် RCSS/ SSA တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မိုင်းတော့၊ မိုင်းထား မြို့နယ်ခွဲ အတွင်း ဌာနချုပ်တည်ဆောက်ရန် သဘောတူခဲ့ကြသော်လည်း မိုင်းထားမြို့နယ်ခွဲအတွင်းရှိ လွယ်မွတ်နန်းလျဲန်း စခန်းအား မတ်လ ၂၀ ရက် နေ့ နောက်ဆုံးထား တပ်ဆုတ်ပေးရန် တြိဂံတိုင်းမှူးက ညွှန်ကြားထားကြောင်း SSA ဘက်က ပြောဆိုသည်။
ယင်းကိစ္စ လွယ်တိုင်းလျဲန်း ဌာနချုပ်က အစည်းအဝေး ခေါ်ယူ ဆုံးဖြတ်ခြင်း မရှိသေးကြောင်းနှင့် မပြတ်သားသည့် နယ်မြေ သတ်မှတ်ရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးရန် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဦးအောင်မင်းထံ အကြောင်းကြားထားသည်ဟု SSA ပြောခွင့်ရ စိုင်းဆိုင်မိန်း က ပြောဆိုသည်။